-ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ တော်ဝင်မိသားစုအတွင်း အဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ သတင်းတွေထွက်နေပြီး ဆော်ဒီအစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းက ဩဇာကြီးတဲ့ မင်းသား ၂ ပါး အဟ်မဒ် ဘင် အဘ်ဒူလ်အဇစ်နဲ့ မိုဟာမက် ဘင် နာယက်ဖ်တို့ကို သောကြာနေ့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မင်းသား အဟ်မဒ်ဟာ ဘုရင်ဆလ်မန်ရဲ့ညီဖြစ်ပြီး မင်းသား မိုဟာမက်ကတော့ ဘုရင်ဆလ်မန်ရဲ့တူ အိမ်ရှေ့မင်းသားဟောင်းလည်း ဖြစ်ပါတယ်။
ဆော်ဒီစစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း နာယက်ဖ် ဘင် အဟ်မဒ်၊ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူ တော်တော်များများ၊ စစ်ဖက်အကြီးတန်းတာဝန်ရှိသူတွေ၊ အခြားလူတော်တော်များများကိုလည်း ထပ်မံ ဖမ်းဆီးထားတယ်လို့ Wall Street ဂျာနယ်က မနေ့မှာ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေအားလုံးဟာ အာဏာသိမ်းဖို့ကြိုးပမ်းမှုမှာ ပါဝင်ကြသူတွေလို့ စွပ်စွဲခံထားရတာပါ။
ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီကိစ္စကြောင့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ဖခင် ဘုရင် ဆလ်မန်ရဲ့ အရိုက်အရာကို မကြာခင် ဆက်ခံတော့မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်လာပါတယ်။
မိုဟာမက် ဘင် ဆလ်မန်ဟာ ၂၀၁၇ ခုနှစ် အိမ်ရှေ့အရာကို ရရှိပြီးတဲ့နောက် တော်ဝင်မိသားစုအတွင်း အာဏာကို ပိုမိုချုပ်ကိုင်နိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
Ref : Aljazeera
Comments