မတ် ၂၁၊ ၂၀၂၀
M-Media
ဥရောပဘောလုံးပြိုင်ပွဲများကို မေလလယ်တွင် ပြန်စရန် စီစဉ်
ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် လက်ရှိရပ်ဆိုင်းထားတဲ့ ဥရောပ ဘောလုံးပြိုင်ပွဲတွေအားလုံးကို လာမယ့် မေလအလယ်ပိုင်းလောက် ပြန်စနိုင်ဖို့ မျှော်မှန်းထားတယ်လို့ စပိန်လာလီဂါ ကျင်းပရေးအဖွဲ့ ဥက္ကဌ ဂျာဗီယာတီဗက်စ်က ပြောကြားလိုက်ပါတယ်။ ယူရို ၂၀၂၀ ကို နောက်နှစ် ရွှေ့လိုက်တာကြောင့် ဥရောပနိုင်ငံတွေက ဘောလုံးပြိုင်ပွဲတွေ ဆက်လက်ကျင်းပဖို့ အချိန်ရသွားတာ ဖြစ်ပါတယ်။ တီဘက်စ်က ရပ်ဆိုင်းထားရတဲ့ အမှတ်ပေးပြိုင်ပွဲတွေ၊ ရှုံးထွက်ဖလားပြိုင်ပွဲတွေဟာ ၃၀ လောက်ရှိပြီး ပြန်လည်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဆွစ်ကလပ်တစ်ခုက ကစားသမားကို ၉ ဦးကို တစ်ပြိုင်တည်းထုတ်ပယ်
- ဆွစ်ဇာလန် ဆူပါလိဂ်ကလပ် FC Sion အသင်းဟာ ကစားသမား ၉ ဦးကို မနေ့က တစ်ပြိုင်တည်း ထုတ်ပယ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း လခလျော့ယူဖို့ ညှိနှိုင်းမှုကို လက်မခံတဲ့အတွက် ဒီလို ထုတ်ပယ်လိုက်တာပါ။ ထုတ်ပယ်ခံရသူတွေထဲမှာ အာဆင်နယ်ကစားသမားဟောင်း အဲလက်ဆောင်းနဲ့ ဂျိုဟန် ဂျိုရူး၊ ဖူလ်ဟမ် ကွင်းလယ်ကစားသမားဟောင်း ပက်ဂျ်တင် ကာဆာမီတို့ ပါဝင်ပါတယ်။ ဆွစ်ဇာလန်အစိုးရက လူ ၁၀၀၀ ထက် ပိုမစုရဘူးလို့ အမိန့်ထုတ်ပြန်ထားတာကြောင့် ဆူပါလိဂ်ကို မတ်လ ၁ ရက်နေ့ကတည်းက ရပ်ဆိုင်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရိုးမားအသင်းက စက်ပစ္စည်းနှင့် ငွေများ လှူဒါန်း
စီးရီးအေကလပ် ရိုးမားအသင်းဟာ ရောမမြို့က ဆေးရုံတစ်ခုကို အသင်းမှာရှိနေတဲ့ အရေးပေါ် အသက်ရှူစက် ၃ ခုနဲ့ ကုတင် ၈ ခုကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပထမအသင်း ကစားသမားတွေနဲ့ နည်းပြတွေရဲ့ တစ်ရက်စာ လုပ်အားခ စုစုပေါင်း ယူရို ၄၆၀၀၀၀ ကိုလည်း ကိုရိုနာဗိုင်းရပ်စတိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ အီတလီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
Ref: BBC
#mmFootballNews
Comments