မတ် ၂၅၊ ၂၀၂၀
M-Media
-ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိမ်ရှေ့စံအိမ်တော်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝေးလ်မြို့စားဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ သားတော်ဖြစ်ပြီး ထီးမွေနန်းလျာကို ဆက်ခံရမယ့်သူပါ။ လက်ရှိမှာ မင်းသားရော၊ ကြင်ယာတော် ကမီလာပါ သီးခြားနေထိုင်နေပါတယ်။ မင်းသားဟာ ရောဂါလက္ခဏာ အနည်းငယ်သာပြသပြီး ကျန်းကျန်းမာမာရှိနေကာ ကြင်ယာတော်မှာတော့ ဗိုင်းရပ်စ်ပိုး မတွေ့ရဘူးလို့ အိမ်ရှေ့စံအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
အဲလိဇဘက်ဘုရင်မကြီးဟာ ချားလ်စ်မင်းသားကို နောက်ဆုံး မတ်လ ၁၂ ရက်နေ့မှာ တွေ့ခဲ့ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ဘုရင်မကြီးဟာ သူ့ရဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အကြံဉာဏ်တွေကို နားထောင်လိုက်နာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ချားလ်စ်မင်းသားဟာ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့တာကြောင့် ဘယ်သူ့ထံကနေ ကူးစက်သလဲဆိုတာ အတိအကျပြောလို့မရကြောင်း ဗြိတိန် အမျိုးသား ကျန်းမာရေးဌာနက ပြောပါတယ်။ မင်းသားဟာ မတ်လ ၁၂ ရက်နေ့မှာ နောက်ဆုံး လူမြင်ကွင်းထွက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အိမ်ကနေ အလုပ်လုပ်ဆောင်တာပါ။
Ref: BBC
Comments