မတ် ၂၇၊ ၂၀၂၀
M-Media
-တမီလ်လူမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် သေဒဏ်ကျနေတဲ့ စစ်တပ်အရာရှိတစ်ဦးကို သီရိလင်္ကာသမ္မတက မနေ့မှာ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။
လွတ်မြောက်လာသူဟာ တပ်ကြပ်ကြီး ဆူနီးလ် ရတ္တနာယာကီဖြစ်ပြီး နိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ၂၀၀၀ ခုနှစ်က တမီလ်လူမျိုး ၈ ဦးကို လည်လှီးသတ်ဖြတ်ပြီး အလောင်းတွေကို အိမ်သာကျင်းထဲ ပစ်ချ ဖျောက်ဖျက်ခဲ့သူပါ။ သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ် အပါအဝင် ကလေးငယ် ၄ ဦး ပါဝင်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒီသတ်ဖြတ်မှုဟာ ‘မီရူဆူဗီလ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ လို့ နာမည်ကျော်ပါတယ်။
၁၃ နှစ်ကြာ စစ်ဆေးပြီးခဲ့တဲ့နောက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တရားရုံးချုပ်က ဆူနီးလ်ကို ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အယူခံဝင်ခဲ့ပေမယ့်လည်း တရားရုံးချုပ်က ထပ်မံပယ်ချခဲ့ပါတယ်။
ဒီလိုအရေးယူမှုဟာ ဆယ်စုနှစ်ချီကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်မှာ သီရိလင်္ကာစစ်တပ်ရဲ့ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ရှားပါးတဲ့ အရေးယူမှု ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ဆူနီးလ်ကို လွှတ်ပေးဖို့အတွက် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့တဲ့လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အငြိမ်းစား စစ်တပ်အရာရှိဟောင်းဖြစ်တဲ့ ဂိုတာဘာယာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အာဏာရခဲ့တာပြီး အစ်ကိုဖြစ်သူ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မာဟင်ဒါသမ္မတဖြစ်စဉ်က ဂိုတာဘာယာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၃၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ တမီလ်ခွဲထွက်ရေးလှုပ်ရှားမှုကို နှိမ်နှင်းခဲ့ပါတယ်။ နောက်ဆုံးအဆင့် နှိမ်နှင်းမှုအတွင်း သီရိလင်္ကာစစ်တပ်ဟာ တမီလ်လူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး တမီလ်အရပ်သား အနည်းဆုံး ၄ သောင်းလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ စစ်သားဟောင်းတစ်ယောက်ကို ဂိုတာဘာယာက အခုလို လွှတ်ပေးမှုအတွက် လူ့ခွင့်အရေးအဖွဲ့ Amnesty International က ရှုတ်ချလိုက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
Ref: Aljazeera
Comments