မတ် ၃၀၊ ၂၀၂၀
M-Media
-နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူတွေကို နိုင်ငံသား၊ နိုင်ငံခြားသားမရွေး အခမဲ့ ပြုစုကုသပေးဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ်က ကျန်းမာရေးဝန်ကြီးဌာနကို ဒီကနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
နိုင်ငံခြားသားတွေထဲမှာ တရားဝင်နေထိုင်သူဖြစ်စေ၊ တရား၀င်မဟုတ်သူဖြစ်စေ ကုသပေးဖို့လည်း ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီး သောင်ဖစ်က် အလ်-ရာဘီယာက ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေဗျမှာ နိုင်ငံသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဟာ အခမဲ့ဖြစ်ပြီး ဘုရင်ဆလ်မန်ရဲ့ ဒီအမိန့်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ နိုင်ငံခြားသားတွေပါ အခမဲ့ ကုသနိုင်မှာ ဖြစ်ပါတယ်။
ဝန်ကြီး အလ်-ရာဘီယာက ရောဂါလက္ခဏာ ပြသနေသူတွေအနေနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ လာရောက်ပြသဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဆော်ဒီအာရေဗျဟာ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ထိပ်တန်း နိုင်ငံ ၃၀ ထဲမှာ ပါဝင်ပါတယ်။
လက်ရှိ ဆော်ဒီမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ ၁၄၅၃ ဦး ရှိပြီး သေဆုံးသူက ၈ ဦးရှိပါတယ်။ ပြန်ကောင်းလာသူကတော့ စုစုပေါင်း ၁၁၅ ဦး ရှိပါတယ်။ ဆော်ဒီအစိုးရဟာ နိုင်ငံတစ်ဝှမ်း လှုပ်ရှားသွားလာမှုကန့်သတ်တဲ့ အမိန့်လည်း ထုတ်ပြန်ထားပါတယ်။
Ref: Alarabiya
Comments