ဧပြီ ၁၊ ၂၀၂၀
M-Media
-လက်ရှိ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာဟာ ဒုတိကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာကြီးက ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။
လက်ရှိ ကမ္ဘာတစ်ဝှမ်း ကူးစက်မှုဟာ ၈ သိန်း ၆ သောင်းအထိ ရောက်ရှိလာပြီး သေဆုံးသူက ၄၂၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။
COVID-19 ကြောင့် ကမ္ဘာ့ လူမှုစီးပွားရေးအပေါ် ရိုက်ခတ်နိုင်မှုနဲ့ပတ်သက်လို့ မနေ့က ကုလဌာနချုပ်မှာ အစီရင်ခံစာ ထုတ်ပြန်မှုအတွင်း ဂူတာရက်စ်က ဒီကပ်ရောဂါဟာ လူ့အဖွဲ့အစည်းတိုင်းအပေါ် ရိုက်ခက်မှုရှိပြီး၊ လတ်တလောသမိုင်းမှာ မရှိခဲ့တဲ့ ကပ်ရောဂါနဲ့ စီးပွားရေးကျဆင်းမှု တစ်ပြိုင်တည်းဖြစ်တာကို ကြုံတွေ့ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဒီကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လူ ၂၅ သန်းလောက် အလုပ်အကိုင် ဆုံးရှုံးဖို့ရှိပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကလည်း ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းဖို့ရှိတယ်လို့ ကုလက ခန့်မှန်းထားပါတယ်။
ဂူတာရက်စ်က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံတွေကို ကူညီဖေးမဖို့ တိုက်တွန်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် ဗိုင်းရပ်စ် တောမီးလိုပြန့်နှံ့တာမျိုး ကြုံတွေရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကို ကမ္ဘာ့နိုင်ငံတိုင်းက မလွဲမသွေ ကြုံတွေ့ဖို့ရှိတယ်လို့ အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
Ref: BBC
Comments