ဧပြီ ၂၊ ၂၀၀၂
M-Media
-ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လတာ သွားလာမှုကန့်သတ်မိန့်အတွင်း မလိုက်နာသူတွေ ပစ်သတ်ခံရမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သတိပေးလိုက်ပါတယ်။
ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၂၃၀၀ ကျော်လာခဲ့ပြီး သေဆုံးသူ ၉၆ ဦး ရှိနေတာပါ။ ပြန့်နှံ့မှုကို တားဆီးဖို့အတွက် လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ တစ်လတာ သွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။
မနေ့က တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ဒူတာတေးက အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
“တစ်ဖြည်းဖြည်းနဲ့ အခြေအနေက ဆိုးလာတယ်။ ခင်ဗျားတို့ သေချာနားထောင်ပါ။ လူတွေက ပြဿနာလုပ်လာပြီ၊ အသက်အန္တရာယ်အထိ ထိခိုက်လာပြီဆိုရင် အဲဒီလူတွေကို ပစ်သစ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားတယ်။ ခင်ဗျားတို့နားလည်လား။ ပစ်သတ်မှာနော်။ ပြဿနာလုပ်တဲ့လူကို မြေမြှုပ်ပစ်မယ်”
သွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ပေမယ့် အစိုးရက ထောက်ပံ့ပေးတာ ဘာမှမရှိတဲ့အတွက် မနီလာမြို့ ပျံကျရပ်ကွက်တစ်ခုမှာ ပြည်သူတွေ ဆန္ဒပြခဲ့ပြီးတဲ့နောက် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။ ဆန္ဒပြမှုအတွင်း လူ ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒူတာတေးဟာ အာဏာရပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး စီမံချက်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး လူအများအပြား သေဆုံးမှုအတွက် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။
ရဲချုပ်က ဒူတာတေးဟာ ပြည်သူတွေ အမိန့်ကို လိုက်နာစေချင်တဲ့သဘောမျိုးနဲ့ ဒီလိုပြောတာဖြစ်ပြီး မိမိတို့က ဘယ်သူကိုမှ ပစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments