ဧပြီ ၁၄၊ ၂၀၂၀
M-Media
-ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ သင်္ကြန်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံသား ၆၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား သတင်းဌာနတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။
Covid-19 ပြန့်နှံ့ကူးစက်မှုကြောင့် မလေးရှားဟာ တိုင်းပြည်ကို မတ်လ အလယ်ပိုင်းလောက်ကတည်းက တံခါးပိတ်ထားပြီး ပြည်သူတွေ လှုပ်ရှားသွားလာမှု၊ လူစုလူဝေး လုပ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ကန့်သတ်ထားတာပါ။
မြို့တော် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ဆီပန်းမြို့က စက်ရုံတစ်ခုရဲ့ အလုပ်သမားအဆောင်မှာ မြန်မာနိုင်ငံသားတွေဟာ သင်္ကြန်အကြိုနေ့က ရေသဘင်ပွဲတော် ကျင်းပခဲ့ကြပြီး မိနစ် ၃၀ ကြာမြင့်တဲ့ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ် ကမာရွလ် အဇ်ရန် ဝမ် ယူဆွဖ်က စက်ရုံ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အကူအညီပေးမှုနဲ့အတူ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သံသယရှိသူ ၆၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအထဲက ၂ ဦးဟာ သင်္ကြန်ပွဲတော် ကျင်းပပုံတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးပြီး Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့တယ်လို့ ဝန်ခံခဲ့ကာ အချို့တွေကလည်း ပွဲတော်မှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံကြောင်း၊ စစ်ဆေးမေးမြန်းပြီး နောက်ထပ်ပါဝင်သူတွေကို ရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း ဝမ် ယူဆွဖ်က ဆိုပါတယ်။
အခု ဖမ်းဆီးထားတဲ့ မြန်မာ ၆၀ ကျော်ကိစ္စကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၉၊ ၅၀၅ (ဂ)၊ ကူးစက်ရောဂါ တားဆီးနှိမ်နှင်းရေးဆိုင်ရာ အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
သင်္ကြန်ပွဲကျင်းပတဲ့ ဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့သွားပြီးတဲ့နောက် မလေးရှားနိုင်ငံသားတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Ref: Malay Mail
Comments