ဧပြီ ၁၈၊ ၂၀၂၀
M-Media
-အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်က ရွာတစ်ရွာမှာ ရွေ့လျားသွာလာမှု ကန့်သတ်မိန့်ကို ဖောက်ဖျက်ပြီး ဟိန္ဒူဘုရားပွဲလှည့်မှုအတွက် လူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။
ရီဗူရ်ရွာမှာ ဘုရားပွဲလှည့်လည်မှုကို ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၁၀၀ ကနေ ၂၀၀ လောက်အထိ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘုရားကျောင်း ဂေါပကအပါအဝင် ဘုရားပွဲကျင်းပသူတွေကို ဖမ်းဆီးမှုအပြင် ခွင့်ပြုချက်ပေးတဲ့ ခရိုင်တာဝန်ရှိသူတစ်ဦးနဲ့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးတို့ကိုလည်း အာဏာပိုင်တွေက ရာထူးကနေ ရပ်ဆိုင်းလိုက်ပါတယ်။
ဖမ်းဆီးထားသူတွေကို ၁၈၉၇ ခု ကူးစက်ရောဂါများဆိုင်ရာ ဥပဒေ၊ တရားမဝင် လူစုမှု၊ ကူးစက်ရောဂါ ပြန့်ပွားနိုင်မှုကို လစ်လျူရှုမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ နောက်ထပ်ချိုးဖောက်တဲ့ ပုဒ်မတွေ ရှိလားဆိုတာကို ဆန်းစစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် ဘုရားပွဲမကျင်းပဖို့ ဧပြီလ ၁၄ ရက်နေ့မှာ ခရိုင်ရဲတပ်ဖွဲ့က အကြံပြုခဲ့ပေမယ့် ဘုရားကျောင်းဂေါပကတွေဟာ နားမထောင်ပဲ စီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Ref: Indian Express
Comments