ဧပြီ ၂၂၊ ၂၀၂၀
M-Media
-မကြာမီကျရောက်တော့မယ့် ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို လူအကန့်အသတ်နဲ့ ပြုလုပ်ဖို့ ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
Covid-19 ကပ်ရောဂါ ပြန့်ပွားမှုကြောင့် ဆော်ဒီဟာ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခု အပါအဝင် နိုင်ငံအတွင်းက ဗလီအားလုံးမှာ ဝတ်ပြုဆုတောင်းမှုကို ပိတ်ပင်ထားတာပါ။ အွမ္မရာဘုရားဖူးခရီးစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လမှာ ကျရောက်မယ့် ဟဂျ်ဘုရားဖူးကာလ ပြင်ဆင်မှုတွေကို ရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမး်က အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဒီက ပန်ကြားထားပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ အမိန့်မှာတော့ ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာက ‘မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်’ နဲ့ မဒီနာက ‘တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်’ နှစ်လုံးမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီဗလီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး ပုံမှန် ဝတ်ပြုနေကျ ရကအသ် (၂၀) အစား အကျဉ်းချုံးကာ (၁၀) ရကအသ်သာ ဝတ်ပြုရမှာ ဖြစ်ပါတယ်။
မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေကို တာဝန်ယူထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ရမ်ဇာန်ဥပုသ်လအတွင်း ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး လစ်ဟင်းမှုမရှိဖို့ စီမံထားတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာနီ ဘင် ဟိုစနီ ဟိုင်ဒါက ပြောကြားခဲ့ပါတယ်။
ဗလီဝတ်ကျောင်းတော်တွေဆီ အပြင်လူတွေဝင်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်သလို၊ ပိုးသတ်မှုလုပ်ငန်း၊ ဗလီဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ကြည့်မှုလုပ်ငန်းတွေကိုလည်း ဆော်ဒီအာဏာပိုင်တွေက တိုးမြှင့်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ နှစ်စဉ်ကျင်းပနေတဲ့ စုပေါင်းဝါဖြေပွဲကို ဒီနှစ်မှာ ကျင်းပမှာမဟုတ်တော့ဘဲ မက္ကာနဲ့ မဒီနာ အုပ်ချုပ်ရေးအဖွဲ့တွေက ဝါဖြေပွဲတွေကို လိုက်လံဝေငှမှာ ဖြစ်ပါတယ်။
ရမ်ဇာန်ဥပုသ်လအတွင်း သာရာဝီဝတ်ပြုမှု၊ ဝါကျွတ်အီးဒ်ပွဲတော် ဝတ်ပြုဆုတောင်းမှုတွေကို အိမ်မှာ ပြုလုပ်ကြဖို့ ဆော်ဒီ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်က အခုတစ်ပတ်အစောပိုင်းမှာ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဆော်ဒီမှာ Covid-19 ကူးစက်သူဟာ ၁၁၆၃၁ ဦးရှိပြီး သေဆုံးသူ ၁၀၉ ဦး ရှိပါတယ်။
Ref: Alarabiya
Comments