ဧပြီ ၂၄၊ ၂၀၂၀
M-Media
-ကိုရိုနာဗိုင်းရ်စ် ကာကွယ်ဆေး လူသားမှာ ပထမဆုံး စမ်းသပ်မှုကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှာ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
လူဦးရေ ၈၀၀ ကျော်ပါဝင်မယ့် အဲဒီစမ်းသပ်မှုက ပထမဆုံး ၂ ဦးကို မနေ့မှာ ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။ စမ်းသပ်မယ့် သူတွေထဲက တစ်ဝက်ကို Covid-19 ကာကွယ်ဆေးထိုးပေးမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကို ဦးနှောက်အမြှေးယောင် ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပါတယ်။
အထိုးခံရသူတွေဟာ သူတို့ကို ဘာဆေးထိုးပေးထားလဲဆိုတာ သိမှာ မဟုတ်ဘဲ ဆရာဝန်တွေက ဆေးရဲ့ တုန်ပြန်မှုကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။
“ကျွန်မက သိပ္ပံပညာရှင်တစ်ယောက်ပါ။ သိပ္ပံစမ်းသပ်မှုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားချင်ပါတယ်” လို့ ပထမဆုံး ဆေးထိုးခံခဲ့ရသူ အီလီဆာ ဂရာနာတိုက ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်က ၃ လအတွင်း ဖန်တီးခဲ့တာပါ။ ဆေးဘက်အကြို သုတေသနကို ဦးဆောင်ပြုလုပ်တဲ့ Jenner Institute အဖွဲ့ရဲ့ ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာ ဆာရာ ဂီလ်ဘာ့တ်က ဒီကာကွယ်ဆေးအပေါ်မှာ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
“ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဒီကာကွယ်ဆေးအပေါ်မှာ ကျွန်မ ယုံကြည်မှု တစ်စုံတစ်ရာ ရှိပါတယ်။ လူသားတွေကို ကျွန်မတို့ စမ်းသပ်ပြီး အချက်အလက်တွေကို မှတ်တမ်းတင်ရမယ်။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခင်မှာ လူတွေ အများအပြား မကူးစက်အောင် တားဆီးရပါမယ်”
ကာကွယ်ဆေးကို ချင်ပန်ဇီမျောက်တွေမှာ တွေ့ရတဲ့ အဖျားဗိုင်းရပ်စ်ပိုးအပျော့စားနဲ့ ဖန်တီးထားတာဖြစ်ပြီး လူသားတွေမှာ အသုံးပြုလို့ရအောင် သိပ္ပံပညာရှင်တွေက ပြန်လည် ပြုပြင်ထားပါတယ်။
Ref: BBC
Comments