မေ ၁၀၊ ၂၀၂၀
M-Media
-Covid-19 တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် ၄ လနီးပါးကြာ အပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
မေလ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကြာမြင့်မယ့် ဒီအပစ်ရပ်မှုဟာ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ တည်ရှိရာ နေရာဒေသမှအပ ကျန်တဲ့ နေရာဒေသအားလုံးမှာ သက်ရောက်မှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၄ ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လိုက်နာဖို့လည်း ကြေငြာချက်မှာ အကြံပြုထားပါတယ်။ စည်းကမ်းချက် ၄ ချက်က သဘောတူညီချက်တွေကို လိုက်နာဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အလွဲသုံးစားမပြုဖို့၊ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့အချင်းအချင်း မတိုက်ခိုက်ရေး၊ တိုင်းရင်းသား ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု မပြုရေး၊ အစိုး အုပ်ချုပ်ရေး ယန္တရားတွေကို မနှောက်ယှက်ရေး၊ သယ်ယူပို့ဆောင်မှု ချောမွေ့စေရေး စတဲ့ ကိစ္စရပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ယူဖို့၊ တာဝန်ခံဖို့ တိုက်တွန်းခဲ့ပြီး၊ စည်းကမ်းချက် ဖောက်ဖျက်သူတွေကို အရေးယူသွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝှမ်း Covid-19 တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်က ကတိပြုခဲ့ပါတယ်။
Ref: Xinhua
Comments