မေ ၁၄၊ ၂၀၂၀
M-Media

-Covid-19 ကူးစက်ခံရတဲ့ ကလေးတွေမှာ ရှုပ်ထွေးတဲ့ နောက်ဆက်တွဲ ရောဂါတစ်ချို့ ဖြစ်ပွားမှုအရေအတွက်ဟာ မြင့်တက်လာနိုင်တယ်လို့ အမေရိကန် ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ကလေးတွေမှာ ကိုဗစ်နောက်ဆက်တွဲဖြစ်ပွားတဲ့ အဲဒီရောဂါကို Multisystem inflammatory syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါလက္ခဏာတွေက ရက်ဆက်ဖျားတာ၊ ကျောက်ကပ် ဒါမှမဟုတ် နှလုံးလို ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ရောင်ယမ်းပြီး ပုံမှန် အလုပ်မလုပ်တော့တာ၊ သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။
လက်ရှိ နယူးယောက်မှာ ဒီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ် အနည်းဆုံး ၁၅၀ လောက်ကို နိုင်ငံတစ်ဝှမ်းက ဆရာဝန်တွေ စုပေါင်းက လေ့လာကုသမှု လုပ်ဆောင်နေပြီး အမေရိကန်က အခြားပြည်နယ်တွေမှာလည်း ဒီလို ကုသမှုတွေ ရှိနေပါတယ်။
“Multisystem inflammatory syndrome ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာ မဟုတ်ပါဘူး။ လူနာရဲ့ ကိုယ်ခံအား တုန့်ပြန်မှုကြောင့် ဖြစ်ပွားရတာလို့ ယူဆထားပါတယ်” လို့ ဘော်စတွန်ကလေးဆေးရုံက အထူးကု ဒေါက်တာ ဂျက်ဖရီဘန်းစ်က ပြောကြားခဲ့ပါတယ်။
ဒီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း အတည်ပြုနိုင်သူတွေ မဟုတ်ပေမယ့်၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်က အခြားပြည်နယ်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကတော့ ရောဂါလက္ခဏာ မပြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကူးစက်ရောဂါဖြစ်ပွားပြီးတဲ့နောက် တွေ့ရလေ့ရှိတဲ့ Multisystem inflammatory syndrome ဟာ ဖြစ်တောင့်ဖြစ်ခဲရောဂါမျိုး ဖြစ်ပေမယ့် လူသန်းနဲ့ချီ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ အခုလိုအချိန်မျိုးမှာ ဒီလိုအခြေအနေတွေကို ပိုမို မြင်တွေ့ရနိုင်တယ်လို့ ဘန်းစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Multisystem inflammatory syndrome ရောဂါ ဖြစ်ပွားနေတဲ့ကလေးငယ် အများစုဟာ ရောဂါဒဏ်ကို အကြီးအကျယ် မခံစားရပေမယ့် သေဆုံးမှု အနည်းငယ်တော့ ရှိနေပါတယ်။
“ပျောက်အောင်ကုလို့ရတဲ့နည်းလမ်း ကျွန်တော်တို့မှာ ရှိနေပြီး ဒါကို အသုံးပြုနေပါတယ်” လို့ ဘန်းစ်က ပြောပါတယ်။
Ref: CNN
Comments