မေ ၁၆၊ ၂၀၂၀
M-Media
-ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမယ်ဆိုရင် ကြီးမားတဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ ဂျော်ဒန်ဘုရင် အဘ်ဒူလာက အစ္စရေးကို သတိပေးလိုက်ပါတယ်။
အနောက်ဖက်ကမ်းမှာ တရားမဝင် ဂျူးအခြေချအိမ်ယာ တော်တော်များများ ဆောက်လုပ်ထားတဲ့ အစ္စရေးဟာ အဲဒီအိမ်ယာတွေနဲ့ ဂျော်ဒန် ချိုင့်ဝှမ်းဒေသကို ပိုင်နက်ထဲသွတ်သွင်းဖို့ စီစဉ်နေတာပါ။
ဂျာမနီ မဂ္ဂဇင်း Der Spiegel နဲ့ သောကြာနေ့က အင်တာဗျူးမှာ ဂျော်ဒန်ဘုရင် အဘ်ဒူလာက အစ္စရေးရဲ့ ဒီအစီအစဉ်အတွက် ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
“တစ်နိုင်ငံတည်းသာ တည်ရှိဖို့အတွက် လှုံ့ဆော်နေတဲ့ ခေါင်းဆောင်တွေဟာ သူတို့ ဘာကိုလုပ်နေလဲဆိုတာ နားမလည်ကြပါဘူး။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပြိုလဲသွားရင် ဘာဖြစ်သွားမယ်ထင်လဲ။ ဒေသတွင်းမှာ အစွန်းရောက်ဝါဒတွေ၊ ၀ရုန်းသုန်းကားဖြစ်မှုတွေ ပိုဖြစ်လာမှာပါ။ အနောက်ဖက်ကမ်းကို အစ္စရေးက ဇူလိုင်လမှာ သူတို့ပိုင်နက်ထဲ သွတ်သွင်းလို့ကတော့ ဂျော်ဒန်ဘုရင့်နိုင်ငံနဲ့ ပဋိပက္ခ အကြီးအကျယ်ဖြစ်တဲ့အထိ ဦးတည်သွားပါလိမ့်မယ်”
အနောက်နိုင်ငံတွေနဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ ဂျော်ဒန်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ အာရပ်နိုင်ငံ နှစ်ခုတည်းက တစ်ခု ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမှုက ဒီသဘောတူညီချက်ကို ထိခိုက်စေမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ဂျော်ဒန်ဘုရင်က ငြင်းဆိုခဲ့ပါတယ်။
“ခြိမ်းခြောက်တာတွေ ကျွန်တော် မလုပ်ချင်သလို ရန်စောင်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် နည်းလမ်းအားလုံးကို ကျွန်တော်တို့ စဉ်းစားထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ အင်အားသုံးတဲ့ ဝါဒမျိုး မကျင့်သုံးသင့်ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ ဥရောပနိုင်ငံတော်တော်များများနဲ့လည်း သဘောတူထားပါတယ်”
ဥရောသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း သူတို့အနေနဲ့ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ ထောက်ခံတယ်လို့ မနေ့က ဗီဒီယိုကနေတစ်ဆင့် ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်းနဲ့ ယူအေအီးတို့အကြား သံတမန်ရေးရာ ချဉ်းကပ်ဖြေရှင်းမှုတွေ လာမယ့်ရက်ပိုင်းအတွင်း လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။
Ref: Aljazeera
Comments