မေ ၁၈၊ ၂၀၂၀
M-Media
-မကြာခင်ကြာရောက်တော့မယ့် ‘အီဒွလ်ဖိသီရ်’ ၀ါကျွတ်အီးဒ်ပွဲတော်မှာ ဝတ်ပြုဆုတောင်းမှုတောင်းမှုတွေကို မိမိတို့နေအိမ်မှာ တစ်ဦးချင်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ဆောင်ရွက်နိုင်တယ်လို့ ဆော်ဒီအာရေဗျ ဓမ္မသတ်မှူးချုပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
တစ်လတာ ကြာမြင့်ခဲ့တဲ့ ရမ်ဇန်ဥပုသ်လဟာ မေလ ၂၃၊ ၂၄ ရက်တွေမှာ ကုန်ဆုံးမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အစ္စလာဘာသာဝင်တွေဟာ ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
ဝါကျွတ်အီးဒ်နေ့ မနက်စောစောမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီး အားလုံးဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းလေ့ ရှိကြပါတယ်။
ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ဗလီဝတ်ကျောင်းတော်တွေအပါအဝင် ကမ္ဘာတစ်ဝှမ်း ဘာသာရေးအဆောက်အဦးတွေ ပိတ်ထားရပြီး၊ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတွေလည်း လုပ်ဆောင်လို့ မရပါဘူး။
ဆော်ဒီဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က အီဒ်းနေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့ရဲ့ နေအိမ်မှာပဲ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပြုလုပ်ခွင့်ရှိတယ်လို့ မနေ့က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှု မတိုင်ခင် လှူဒါန်းရတဲ့ ‘ဖိသ်ရာ’ အလှူဒါနကိုလည်း ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
Covid-19 ပြန့်နှံ့နေတာကြောင့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးအပါအဝင် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးက ဗလီဝတ်ကျောင်းတော်တွေအားလုံး ပိတ်ထားရပါတယ်။
Ref: Alarabiya
Comments