မေ ၂၀၊ ၂၀၂၀
M-Media
– လုံခြုံရေးကိစ္စ အပါအဝင် အမေရိကန်၊ အစ္စရေးတို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေအားလုံးကို လိုက်နာမှု ရပ်ဆိုင်းလိုက်တယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစိတ်အပိုင်းတစ်ချို့နဲ့ ဂျော်ဒန်ချိုင့်ဝှမ်းဒေသတို့ကို အစ္စရေးပိုင်နက်ထဲ ထပ်မံထည့်သွင်းမယ်ဆိုတဲ့ အစ္စရေးအစိုးရသစ်ရဲ့ အစီအစဉ်ကို အခုလို တုန့်ပြန်လိုက်တာပါ။
“အမေရိကန်အစိုးရ၊ အစ္စရေးအစိုးရတို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေ၊ နားလည်မှုတွ၊ အဲဒါတွေကို အခြေခံပြီး ရရှိထားတဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို ဒီကနေ့ကစပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့နဲ့ ပါလက်စတိုင်းနိုင်ငံက လိုက်နာမှု ရပ်ဆိုင်းလိုက်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ထားတဲ့ ကျူကျော်သူအစိုးရဟာ အဲဒီလို သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ရှေ့မှာ တာဝန်ယူမှု တာဝန်ခံမှု အားလုံးကို ပုခုံးထမ်းရပါမယ် ” လို့ မနေ့က ရာမာလာမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ အဘတ်စ်က ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းပိုင်နက်တွေကို ထပ်မံသိမ်းပိုက်မယ့် လုပ်ငန်းစဉ်ပါဝင်တဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် ထွက်ပေါ်လာတဲ့ ဖေဖော်ဝါရီလကတည်းက အဘတ်စ်ဟာ သဘောတူညီချက်အားလုံးကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
အစ္စရေးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့်ရှိပြီး၊ နှစ်နိုင်ငံတည်ရှိရေးကို အခြေခံတဲ့ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းကို ဆက်လက်စွဲကိုင်ထားတယ်လို့လည်း အဘတ်စ်က မနေ့မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments