မေ ၂၀၊ ၂၀၂၀
M-Media
-အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ပါရ်ဝမ်ပြည်နယ်က ဗလီတစ်လုံးမှာ မနေ့က သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။
ဥပုသ်ထွက်အပြီး ဝတ်ပြုဆုတောင်းနေချိန်မှာ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ သေနတ်သမား ဘယ်နှစ်ဦး ပါဝင်လဲဆိုတာကို အတိအကျ မသိရသေးသလို ကျူးလွန်သူတွေကိုလည်း ဖမ်းမမိသေးပါဘူး။
အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တာလီဘန်ကတော့ ဒီပြောကြားမှုကို ငြင်းဆိုပါတယ်။
အမေရိကန်စစ်တပ်များ ထွက်သွားရေး၊ အပြန်အလှန်အားဖြင့် တာလီဘန်က တိုက်ခိုက်မှုလျော့ချရေးဆိုတဲ့ သဘောတူညီချက်တစ်ခု အမေရိကန်နဲ့ တာလီဘန်တို့အကြား ရရှိခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နောက်ပိုင်း အာဖဂန်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး ဒီအတွက် ကုလသမဂ္ဂက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကလည်း ကဘူးလ်မြို့က သားဖွားဆေးရုံတစ်ခုကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်တွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments