မေ ၂၆၊ ၂၀၂၀
M-Media
-ဗြိတိန်ဘုရင်မကြီး အလိဇဘက် ၂ ရဲ့ အငယ်ဆုံးသားနဲ့ ချွေးမတို့ဟာ လန်ဒန်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ် အစားအစာဝေငှရေးအစီအစဉ်မှာ လုပ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
မင်းသား အဒ်ဝပ်နဲ့ ကြင်ယာတော် ဆိုဖီတို့ဟာ တနင်္ဂနွေနေ့က လန်ဒန်အနောက်တောင်ပိုင်း ဝုတ်ကင်းရပ်ကွက်မှာရှိတဲ့ ရှားဂျဟန် ဗလီဝတ်ကျောင်းတော်ကို သွားရောက်ခဲ့ကြတာပါ။ ဝါကျွတ်အီးဒ်နေ့အထိမ်းအမှတ် အစားအသောက်ဝေငှရေး ထုတ်ပိုးတဲ့အစီအစဉ်မှာ မင်းသားနဲ့ ကြင်ယာတော်တို့ ပါဝင်လုပ်အားပေးခဲ့ကြပါတယ်။
ကြင်ယာတော် ဆိုဖီက အခုလို အခက်အခဲဖြစ်နေတဲ့ကာလမှာ ကူညီဖေးမမှုကို တွေ့ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမိတယ်လို့ ဗြိတိန် တော်ဝင်မိသားစုရဲ့ Twitter စာမျက်မှာက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
“ဝုတ်ကင်းလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေဟာ မိတ်ဆွေစိတ်ဓာတ်နဲ့ ဘယ်လိုကူညီဖေးမနေလဲဆိုတာ၊ ဒီလို အကြပ်အတည်းကာလမှာ လူတွေကို ဘယ်လို ကူညီထောက်ပံ့နေလဲဆိုတာကို ကျွန်မတို့ တွေ့မြင်ခဲ့ရတယ်။ ဒီလို အားထုတ်ဆောင်ရွက်မှုတွေအတွက် ကျွန်မတို့ အထူးပင် ကျေးဇူးတင်ရှိပါတယ်”
မင်းသား အဒ်ဝပ်ကလည်း လူ့အဖွဲ့အစည်းမှာ ကူညီဖေးနေတဲ့လူတိုင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဗီဒီယိုနောက်ဆုံးမှာ မင်းသားနဲ့ ကြင်ယာတော်တို့ဟာ ပျော်ရွှင်စရာအီးဒ်နေ့မင်္ဂလာ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ်။
ဝုတ်ကင်းရပ်ကွက်က ရှားဂျဟန်ဗလီဟာ ကိုဗစ်သံသယနဲ့ သီးသန့်စောင့်ကြည့်ခံရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရင်ကတည်းက အစားအသောက်တွေ ဝေငှလှူဒါန်းခဲ့ပါတယ်။
Ref: Ib Times
Comments