မေ ၂၉၊ ၂၀၂၀
M-Media
-ရဲတပ်ဖွဲ့ဝင်တွေကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးမှု နောက်ဆက်တွဲအဖြစ် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။
မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ဂျော့ဂျ် ဖလွိုက်ဆိုသူ လူမည်းအမျိုးသားဟာ လိမ်လည်မှုသံသယနဲ့ တနင်္လာနေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့တာပါ။ လူဖြူရဲတစ်ဦးက ဖလွိုက်ကို မြေပြင်မှာလှဲကာ ဒူးနဲ့ လည်ပင်းကိုဖိထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့ခဲ့ပါတယ်။
‘အသက်ရှူလို့မရတော့ဘူး’ လို့ ဖလွိုက်က အော်ခဲ့ပေမယ့် လှုပ်ရှားမှုမရှိတော့တဲ့အချိန်အထိ ရဲက ဖိထားတဲ့ဒူးကို ကြွမပေးခဲ့ပါဘူး။ ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို မင်နီယာပိုလစ် ရဲတပ်ဖွဲ့က ထုတ်ပယ်ခဲ့ပါတယ်။
မင်နီယာပိုလစ်ပြည်သူတွေဟာ ဖလွိုက်အတွက် တရားမျှတမှုရရှိရေးအတွက် အင်္ဂါနေ့ကစတင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ဟာ အဆောက်အဦးတွေ၊ ရဲစခန်းတွကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နှင်းတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် ရှေ့နေချုပ်နဲ့ FBI အထူးအဖွဲ့အကြီးအကဲတို့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဒီကိစ္စကို အထူးဦးစားပေးအဖြစ်သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က ဖလွိုက်သေဆုံးသွားတဲ့ ဗီဒီယိုဟာ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့မြင်ကွင်းဖြစ်ပြီး မိမိတို့အစိုးရဟာ ဒီကိစ္စကို ထဲထဲဝင်ဝင် ပါဝင်ကိုင်တွယ်နေတယ်လို့ ပြေကြားခဲ့ပါတယ်။
အမေရိကန်ရဲတပ်ဖွဲ့က လူဖြူတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် လူမည်းအရပ်သားတွေ သေဆုံးမှုဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေမှာ လူမျိုးရေးခွဲခြားမှုရှိတယ်ဆိုတဲ့ ပြောကြားမှုတွေ၊ ဒီအတွက် အကြီးအကျယ် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
Ref: Aljazeera
Comments