ဇွန် ၄၊ ၂၀၂၀
M-Media
-ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေမယ့် သစ်သား လက်ဆေးစက်တစ်ခု တီထွင်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကင်ညာသမ္မတက ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။
နိုင်ငံအနောက်ပိုင်း ဘွန်ဂိုမာပြည်နယ် မွတ်ကဝါရွာက စတီဖင် ဝါမူကိုတာဟာ ဗိုင်းရပ်စ်တားဆီးရေး နည်းလမ်းတွေကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒီလက်ဆေးစက်ကို တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။
စတီဖင်ရဲ့ ထီထွင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကင်ညာသမ္မတက တနင်္လာနေ့မှာ Presidential Order of Service ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဒီလို ဂုဏ်ပြုခံရတဲ့အတွက် အရမ်း ဝမ်းသာမိတယ်လို့ စတီဖင်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်အခု စက်နှစ်လုံးကို တီထွင်ထားပြီး၊ နောက်ထပ်လည်း ထပ်ပြီး တီထွင်ချင်ပါသေးတယ်”
ဆပ်ပြာအဆီနဲ့ ရေကိုသုံးကာ လက်ဆေးရတဲ့ စတီဖင်တီထွင်ထားတဲ့စက်ဟာ သစ်သားနဲ့ပြုလုပ်ထားပြီး ခြေနင်းနဲ့ အသုံးပြုရတာဖြစ်ပါတယ်။ လက်နဲ့ ထိတွေ့ကိုင်တွယ်ရခြင်း မရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်ချေကို လျော့ချနိုင်မှာဖြစ်ပါတယ်။
စတီဖင်ရဲ့ဖခင်ဟာ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်ကာ အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး သားဖြစ်သူရဲ့တီထွင်ဖန်တီးမှုမှာလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ စတီဖင်တီထွင်ထားတဲ့စက် အသုံးပြုပုံကို အွန်လိုင်းပေါ်လွှင့်တင်ခဲ့ရာမှာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေအကြား အလျင်အမြန်ပြန့်နှံ့သွားခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိခဲ့ပါတယ်။
စတီဖင်ဟာ အရွယ်ရောက်လာတဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ဆန္ဒပြင်းပြနေပြီး သူနေထိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပညာတော်သင်ဆု ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကင်ညာနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် နှစ်ထောင်ကျော်နဲ့ သေဆုံးသူ ၆၉ ဦး ရှိနေပါတယ်။
Ref: BBC
Comments