ဇွန် ၉၊ ၂၀၂၀
M-Media
-သဘာ၀ဓာတ်ငွေ့ရည်(LNG) နဲ့ ဓာတ်အားပေးစက်ရုံတွေ လည်ပတ်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးမယ့် စီမံကိန်းကို လာမယ့်တစ်ပတ်အတွင်း စတင်တော့မှာ ဖြစ်ပါတယ်။
LNG နဲ့ ဓာတ်အားထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ စီမံကိန်းဟာ ၃ ခုရှိပြီး ရန်ကုန်က သာကေတနဲ့ သီလဝါ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့တွေမှာ ဖော်ဆောင်နေတာပါ။
သဘာ၀ဓာတ်ငွေ့ရည် သင်္ဘော ၂ စီး ပြီးခဲ့တဲ့တစ်ပတ်မှာ မလေးရှားကနေ ရောက်ရှိလာပြီးတဲ့နောက် သာကေတ စီမံကိန်းကို စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။ သင်္ဘောတွေဟာ သတ်မှတ်ထားတဲ့ ကာလထက် ၂ လလောက်နောက်ကျပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။
သာကေတ စီမံကိန်းကနေ ဓာတ်အား ၄၀၀ မီဂါဝပ်ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဇွန်လ ၁၂ ရက်နေ့မှာ ၂၀ မီဂါဝပ် စမ်းသပ်ထုတ်လုပ်မှာဖြစ်ကာ နောက်ပိုင်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
“ပထမအဆင့်အနေနနဲ့ ၂၀၀ မီဂါဝပ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ တစ်ပတ်အတွင်း ဖြစ်လာမှာပါ” လို့ လျှပ်စစ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့ပါတယ်။
ဓာတ်အား မီဂါဝပ် ၃၅၀ လောက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ သီလဝါစီမံကိန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် ဓာတ်အားထုတ်ဖို့ ကြာမြင့်မှာဖြစ်ပြီး၊ မီဂါဝပ် ၁၅၀ ထုတ်လုပ်မယ့် ကျောက်ဖြူစီမံကိန်းကလည်း စက်တင်ဘာလလောက်အထိ ရပ်ဆိုင်းထားရဖွယ် ရှိနေပါတယ်။
“နွေရာသီကာလမှာ မိုးနည်းတာကြောင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုက ကျဆင်းလာပါတယ်။ ဒါ့ကြောင့် LNG စီမံကိန်းတွေကနေ ဓာတ်အားဖြည့်တင်းပေးနိုင်ဖို့က အရေးကြီးပါတယ်” လို့ အမြဲတမ်းအတွင်းဝန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Frontier Myanmar
Comments