6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၄၊ ၂၀၂၀
M-Media

အစ္စလာမ့်သမိုင်းအမွေအအနှစ်များရှိရာ မာတိုလာမြို့

-စစ်ပွဲတွေကြောင့် အီရတ်နိုင်ငံကနေ ထွက်ပြေးလာရတဲ့ အသက် ၃၃ နှစ်အရွယ် မူစတာဖာ အဘ်ဒူလ်ဆက်သာရ် (Mustafa Abdulsattar) ဟာ တူရကီကနေ ဂရီကို အန္တရာယ်ကြီးလွန်းတဲ့ ရေလမ်းခရီးကနေတစ်ဆင့် အသက်နဲ့ရင်းကာ ရောက်လာတာပါ။

ဂရိရောက်တဲ့အခါမှာတော့ ပေါ်တူဂီနိုင်ငံမှာ အခြေချဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ အဘ်ဒူလ်ဆက်သာရ်ဟာ ပေါ်တူဂီအကြောင်း သိပ်မသိပေမယ့် သူ ရင်းနှီးကျွမ်းဝင်တာတစ်ချို့ကို ပေါ်တူဂီမှာ တွေ့ခဲ့ရပါတယ်။

“အာရဘီအသုံးအနှုန်း တော်တော်များများကို တွေ့ရတယ်ခဗျ” လို့ ဒီစကားလုံးတွေကို ချရေးရင်း သူက ပြောပါတယ်။ အစားအသောက်အခေါ်အဝေါ်တွေ၊ မြို့၊ ဒေသအခေါ်အဝေါ်တွေ ဖြစ်ပါတယ်။ ပေါ်တူဂီလို ‘အော့ရှာလာဟ်’ လို့ အသံထွက်တဲ့ ပေါ်တူဂီစကားလုံး ‘oxala’ ဟာ အာရဘီစကားလုံး ‘အင်ရှာအလ္လာဟ်’ (Inshallah) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်က ‘ဘုရားသခင်ရဲ့အလိုတော်နဲ့’ ဖြစ်ပြီး ပေါ်တူဂီဘာသာစကားမှာလည်း အော့ရှာလာဟ်ကို ဒီအဓိပ္ပါယ်အတိုင်းပဲ သုံးပါတယ်။

သူစိမ်းများမဟုတ်

ပေါ်တူဂီဘာသာစကားမှာ အာရဘီဘာသာစကားရဲ့ လွှမ်းမိုးမှုတွေကို တွေ့ရတာဟာ ထူးဆန်းတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အာရဘီစကားပြောတဲ့ ‘မူးရ်’ လူမျိုးတွေက ပေါ်တူဂီကုိ ရာစုနှစ်ချီ အုပ်စိုးခဲ့တာကြောင့် ဖြစ်ပါတယ်။

မြောက်အာဖရိကကနေ ရွက်လွှင့်လာတဲ့ မွတ်စလင်တွေဟာ ၈ ရာစုမှာ ဒီကနေ့ခေတ် စပိန်နဲ့ ပေါ်တူဂီလို့ ခေါ်တဲ့ ဒေသတွေကို အောင်နိုင်ခဲ့ပါတယ်။ အာရဘီလို အလ်-အန်ဒါလုစ် (al-Andalus) လို့ ခေါ်တွင်တဲ့ အဲဒီဒေသကြီး ‘အိုမိုင်ယာ အင်ပါယာ’ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ သာယာ၀ပြောတဲ့ဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခု ခရစ်ယာန်ကက်သလစ်လွှမ်းမိုးတဲ့ ပေါ်တူဂီမှာ ဒီသမိုင်းအမွေတွေဟာ မေ့လျော့ခံထားရပါတယ်။

နှစ်ပေါင်း ၅၀၀ လောက်ကြာမြင့်ခဲ့တဲ့ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုကို ပေါ်တူဂီကကျောင်းတွေမှာ အဖြစ်လောက်သာ သင်ကြားပေးပါတယ်။ ၁၃ ရာစုမှာ ခရစ်ယာန် သာသနာပြုစစ်တပ် ‘ခရူဆိတ်ဒါ’ တွေရဲ့ ကူညီမှုနဲ့ ခရစ်ယာန်ဘုရင်တွေ သိမ်းပိုက်မှုကို ‘ပြန်လည်အောင်နိုင်မှု’ လို့ ခေါင်းစဉ်တပ်ကာ ကျောင်းစာအုပ်တွေမှာ အဓိကထား သင်ကြားပေးပါတယ်။

၁၃ ရာစုနောက်ပိုင်း ပေါ်တူဂီရဲ့ အမှတ်သညာကို မူးရ်လူမျိုးတွေနဲ့ ဆန့်ကျင်ဘက်ပုံစံ ပြန်လည်တည်ဆောက်ခဲ့ကြပြီး သမိုင်းတွေမှာလည်း မူးရ်တွေကို ရန်သူအဖြစ် သတ်မှတ်ဖော်ကျူးခဲ့ပါတယ်။ ဒါပေမယ့် ဒီသမိုင်းကို လူတိုင်း လက်ခံတာတော့ မဟုတ်ပါဘူး။

“ပေါ်တူဂီက လူတော်တော်တော်များများ အစ္စလာမ်သာသနာကို ပြောင်းလဲခဲ့ကြတာပါ” လို့ Evora တက္ကသိုလ်က အရှေ့အလယ်ပိုင်းဆိုင်ရာ သမိုင်းပညာရှင် ဖီလိုမီနာ ဘားရို့စ်(
Filomena Barros ) က ပြောပါတယ်။

၁၀ ရာစုရောက်တဲ့အခါ အိုက်ဘေးရီးယန်းကျွန်းဆွယ်က လူထက်ဝက်လောက်ဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေကြပြီလို့ သမိုင်းသုသေသနတွေက ညွှန်းဆိုနေပါတယ်။

မြောက်အာဖရိကကနေ ရွက်လွှင့်လာတဲ့ မွတ်စလင်တွေနဲ့ သူတို့မတိုင်ခင် ဒါမှမဟုတ် သူတို့နောက်ပိုင်းမှာ ရောက်လာပြီး ဒီဒေသကို သိမ်းပိုက်ခဲ့ကြတဲ့ ခရစ်ယာန်ဘုရင်တွေ၊ စစ်တပ်တွေဟာ ဘာမှမကွာဘူးလို့ ဘားရို့စ်က ယူဆပါတယ်။

“အိုက်ဘေးရီးယား ကျွန်းဆွယ်ဟာ အင်ပါယာကြီးတွေရဲ့ သိမ်းပိုက်အုပ်ချုပ်မှုကို အစဉ်တစ်စိုက် ခံခဲ့ရတာပါ။ ရောမတွေရဲ့သိမ်းပိုက်မှု၊ ဗီစီဂေါ့သစ်တွေရဲ့ သိမ်းပိုက်မှုအကြောင်းကို မေ့ထားပြီး မွတ်စလင်တွေရဲ့ သိမ်းပိုက်မှုအကြောင်းကိုသာ အမြဲတမ်း ပြောပြောနေတာမျိုးက ထူးဆန်းပါတယ်” လို့ သူမက ဆိုပါတယ်။

မွတ်စလင်တွေ မအုပ်စိုးခင်အချိန်တုန်းက သက္ကရာဇ် ၄၁၈ ခုနှစ်ကနေ ၇၁၁ ခုနှစ်အထိ ဗီစီဂေါ့သ် ဘုရင်တွေက အုပ်စိုးခဲ့ကြပါတယ်။ ဗီစီဂေါ့သ်တွေဟာ ဂျာမန်လူမျိုးတွေ ဖြစ်ပါတယ်။

သမိုင်းစာအုပ်တွေမှာ ခရစ်ယာန်ဘုရင်တွေက မွတ်စလင်ဘုရင်တွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုပဲ အလေးပေး ဖော်ပြကြပါတယ်။ မွတ်စလင်ဘုရင်တွေ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့အမွေအနှစ်တွေက ပေါ်တူဂီမှ တိမ်ကောမသွားပါဘူး။

“ခရစ်ယာန်တွေ ပြန်လည်အောင်နိုင်ခဲ့တာကြောင့် မွတ်စလင်တွေက ထွက်သွားရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတဲ့ ဒီဒေသဟာ မွတ်စလင်တွေနဲ့လည်း ဆိုင်တဲ့အတွက်ကြောင့် ” လို့ သမိုင်းပညာရှင် ဘားရို့စ်က ပြောပါယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ပေါ်တူဂီလူဦးရေ ၁၁ သန်းမှာ အစ္စလာမ်ဘာသာဝင်အရေအတွက်က ၀.၅ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ တစ်ချိန်က အစ္စလာမ်ဘာသာ၀င်အရေအတွက် အများအပြား ရှိခဲ့တယ်ဆိုတာကို သိတဲ့သူ နည်းနည်းသာ ရှိပါတော့တယ်။

“ကျောင်းမှာသင်တဲ့ သမိုင်းဆိုတာ နိုင်တဲ့သူတွေရဲ့ ရှုထောင့်က သမိုင်းမျိုးပါ” လို့ အသက် ၃၀ အရွယ် နူရ်ယန် ဆာကိုရ် (Noor-ayn Sacoor) က ပြောကြားခဲ့ပါတယ်။ ဆာကိုရ်ဟာ အိန္ဒိယနဲ့ အာရပ်မိဘတွေက ပေါက်ဖွားလာသူဖြစ်ပြီး မြို့တော်လစ္စဘွန်းက မွတ်စလင်လူ့အဖွဲ့အစည်းဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ ဂျူးတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ပြီး ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာမှာ အချက်အခြာဖြစ်ခဲ့တဲ့ အိုက်ဘေးရီးယန်းကျွန်းဆွယ် သမိုင်းကြောင်းကို ကျောင်းတွေမှာ ပိုမိုသင်ကြားတာမျိုးကို နူရ်ယန်က လိုလားပါတယ်။

“မွတ်စလင်တွေရဲ့ အုပ်စိုးမှုကနေ ကျန်ရှိခဲ့တဲ့ သမိုင်းအနွေအနှစ်တွေကို ပိုပြီး မီးမောင်းထိုးပြစေချင်ပါတယ်။ ပေါ်တူဂီကလူတွေဟာ ဒါမျိုးတွေ သိပ်မသိကြပါဘူး” လို့ သူမက ပြောပါတယ်။

ဥရောပအမှတ်သညာ တည်ဆောက်ခြင်း

ပေါ်တူဂီက ကျောင်းသားအားလုံးဟာ ပေါ်တူဂီကဗျာဆရာ လူအစ် ဗဇ် ဒီ ကာမို့စ် (Luis Vaz de Camoes) ၁၆ ရာစုမှာ ရေးသားခဲ့တဲ့ The Lusiads ဆိုတဲ့ ကဗျာကို သင်ကြားရပါတယ်။ ဂန္တဝင်ကဗျာတစ်ပုဒ်ဖြစ်ပြီး ပဒေသရာဇ်ခေတ် နယ်ချဲ့တဲ့ကာလတုန်းက ပေါ်တူဂီ ဘုရင်တွေ၊ ရှာဖွေစွန့်စားသူတွေကို ချီးကျူဂုဏ်ပြုထားတာပါ။

ဗာစကို ဒဂါးမား (Vasco da Gama) ရဲ့ အိန္ဒိယကို ပထမဆုံး ရေကြောင်းခရီးနဲ့ သွားခဲ့တဲ့အကြောင်း၊ မွတ်စလင်တွေနဲ့ တွေ့ခဲ့တဲ့အကြောင်းတွေကို ဒီကဗျာမှာ ရေးသားထားပြီး မွတ်စလင်တွေကိုတော့ ကောက်ကျစ်ကာ၊ သစ္စာမတည်တဲ့သူတွေလို့ ဖော်ပြထားပါတယ်။

အိန္ဒိယကို ရေကြောင်းခရီးပေါက်ပြီး အာရပ်တွေထိန်းချုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှုကို ပေါ်တူဂီက ရယူနိုင်ခဲ့တဲ့အတွက် ဗာစကို ဒဂါးမားကို ပေါ်တူဂီ အမျိုးသားသူရဲကောင်းအဖြစ် ဖော်​ကျူးကြပါတယ်။ ဒါပေမယ့် ရေကြောင်းကုန်သွယ်မှုကို မွတ်စလင်တွေထံကနေ လုယူနိုင်ရေး ဗာစကိုဒဂါးမားဟာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။

ပေါ်တူဂီတွေရဲ့နယ်ချဲ့မှု တိုက်ထုတ်ခံရတာကို လက်တုန့်ပြန်တဲ့အနေနဲ့ ဒဂါးမားဟာ မက္ကာကနေ ဘုရားဖူးပြီး ပြန်လာတဲ့ မွတ်စလင် ၂၀၀ ပါ သင်္ဘောတစ်စင်းကို ဖမ်းဆီးပြီးမီးရှို့ခဲ့တာကြောင့် လူရာကျော် မီးလောင်သေဆုံးခဲ့တယ်ဆိုတဲ့ သမိုင်းတစ်ခုလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို The Lusiads ကဗျာနဲ့ ပေါ်တူဂီက ကျောင်းစာအုပ်တွေမှာ မဖော်ပြပါဘူး။

ကာမို့စ်ဟာ ပေါ်တူဂီရဲ့ အကြီးကျယ်ဆုံး ကဗျာဆရာတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ‘ပေါ်တူဂီနေ့’ လို့ခေါ်ဆိုတဲ့ ဇွန်လ ၁၀ ရက် အမျိုးသားနေ့တိုင်းမှာ ဂုဏ်ပြုခံရပါတယ်။

၁၉၃၃ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ပေါ်တူဂီကို အုပ်စိုးခဲ့တဲ့ အာဏာရှင် အန်တိုနီယို ဒီ အိုလီဗီယဲရာ ဆလာဇာ (Antonio de Oliveira Salazar) က ဇွန်လ ၁၀ ရက်နေ့ကို ‘ပေါ်တူဂီလူမျိုးများနေ့’ အဖြစ် သတ်မှတ်ပြီး အမျိုးသားရေးအခမ်းအနားပုံစံ ကျင်းခဲ့ပါတယ်။ ဆလာဇာတည်ထောင်ခဲ့တဲ့ အာဏာရှင်နိုင်ငံ Estado Novo အဆုံးသတ်သွားတဲ့ ၁၉၇၄ ခုနှစ်အထိ ဒီကျင်းပမှု ရှိခဲ့ပါတယ်။

ပေါ်တူဂီရဲ့ အမျိုးသားရေးဝါဒဟာ ခရစ်ယာန်ကက်သလစ်ဘာသာကို အခြေတည်ပါတယ်။ ဘာသာရေးအစွန်းရောက်တဲ့ အာဏာရှင်တွေက မွတ်စလင်တွေကို ကျူးကျော်သူတွေ၊ ခရစ်ယာန်ပေါ်တူဂီရဲ့ ရန်သူတွေအဖြစ် ပုံဖော်ကြပါတယ်။

“ကဗျာကို အမျိုးသားရေးဝါဒအနေနဲ့ ယူသုံးမှုအတွက် ကာမို့စ်မှာ တာဝန်မရှိပါဘူး။ သူဟာ ပေါ်တူဂီရဲ့ အကြီးကျယ်ဆုံး ကဗျာဆရာတွေထဲက တစ်ယောက်ပါ” လို့ သမိုင်းပညာရှင် ဘားရို့စ်က ပြောပါတယ်။

ဒါပေမယ့် Lusiads ကဗျာဟာ မွတ်စလင်-ခရစ်ယာန် ဆက်ဆံရေးကို ပဋိပက္ခအသွင် ပုံဖော်တဲ့ ခရူးဆိတ်.. .မွတ်စလင်တွေကို ဆန့်ကျင်တဲ့ ဥရောပအမှတ်သညာ …. အတွေးအခေါ်တည်ဆောက်မှုကာလရဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ သူမက ဆိုပါယ်။ ….

ကဗျာရေးတဲ့အချိန်က အော်တိုမန်အင်ပါယာဟာ ဥရောပ ခရစ်ယာန်ဘုရင်တွေရဲ့ အာဏာကို ခြိမ်းခြောက်နေတဲ့အချိန် ဖြစ်တယ်လို့လည်း ဘားရို့စ်က ထောက်ပြခဲ့ပါတယ်။

၁၅ ရာစုကနေ ၁၆ ရာစုတစ်လျှောက်လုံးမှာ ​ပေါ်တူဂီဘုရင်တွေဟာ မြောက်အာဖရိကကို နယ်မြေချဲ့ထွင်ခဲ့ပြီး စစ်စခန်းတည်ဆောက်တာ၊ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ၁၅၇၈ ခု မော်ရိုကိုက ကဆာရ် အလ်-ကီဘီရ် (အလ်ကာဆာရ် ကီဘီရ်ဟု ပေါ်တူဂီက ခေါ်ဝေါ်သည်) မြို့မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ အချိန်ရောက်မှ ပေါ်တူဂီတို့ရဲ့ နယ်မြေချဲ့ထွင်မှု ရပ်တန့်ခဲ့ပြီး မြောက်အာဖရိကကို ကိုလိုနီပြုရေး ရည်ရွယ်ချက်လည်း အဆုံးသတ်ခဲ့ပါတယ်။

အစ္စလာမ်ကို ဖယ်ကျဉ်တဲ့ ဥရောပအမှတ်သညာ တည်ဆောက်ရေးအတွက် ပေါ်တူဂီရဲ့ ‘ရန်ငါ’ စည်းခြားမှုမှာ မူးရ်လူမျိုးတွေကို ‘ရန်’ အဖြစ် ပုံဖော်ခဲ့ကြပါတယ်။ ‘မူးရ်’ ဆိုတဲ့အသုံးအနှုန်းဟာ မြောက်အာဖရိကက အာရဘီစကားပြော မွတ်စလင်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့် ပေါ်တူဂီမှာတော့ အစ္စလာမ်ဘာသာဝင်အားလုံးကို ယေဘူယျ ရည်ညွှန်းပြီး အတူယှဉ်တွဲနေထိုင်မှု အခန်းကဏ္ဍကိုလျော့ချကာ ရန်ငါစည်းခြားမှုကိုပဲ အသားပေးခဲ့ပါတယ်။

ခရစ်ယာန်ကက်သလစ် အမှတ်သညာပေါ်မှာ တည်ဆောက်တဲ့ အဲဒီ အမျိုးသားရေးဝါဒမှာ ဒီကနေ့ ပေါ်တူဂီနဲ့ စပိန်လို့ခေါ်ဆိုတဲ့ ဒေသတွက ဂျူး၊ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား ရာစုနှစ်ချီ ရှိခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဖျောက်ထားလိုက်ပါတယ်။ ဘားရို့စ်က မွတ်စလင်တွေကို ပြင်ပရန်သူအဖြစ် ပုံဖော်ထားတဲ့ အရိုးစွဲသမိုင်းတွေ၊ ဒဏ္ဍာရီတွေဟာ အမှန်တရားနဲ့ ဆန့်ကျင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အမျိုးသားရေးဝါဒ ဝါဒဖြန့်မှုမှာ ဒီလို ဖယ်ကျဉ်မှုမျိုးဟာ အန္တရာယ်ရှိပါတယ်” လို့သူမက ဆိုပြီး ဥရောပမှာ လက်ယာဝါဒ မြင့်တက်လာတဲ့ ဒီလိုအချိန်မျိုးမှာ ပိုဆိုးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

အာဏာရှင် ဆလာဇာရဲ့ Estado Novo နိုင်ငံဟာ ၁၉၇၄ ခုနှစ်က ကာနေရှင်းတော်လှန်ရေး (Carnation Revolution) ​ကြောင့် အဆုံးသတ်သွားပေမယ့် အရင်က ဝါဒဖြန့်မှုအချို့ကတော့ ဆက်ရှိနေတုန်းပါ။

ဆာလာဇာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လက်ယာပါတီသစ်တစ်ခုဟာ ၂၀၁၉ ခုနှစ်က လွှတ်တော်မှာ အမတ်နေရာတစ်နေရာ ရရှိသွားပါတယ်။ အစိုးရကျောင်းတွေမှာ ‘အစ္စလာမ်ဘာသာအကြောင်းသင်ကြားမှု’ ကို ဖယ်ရှားရေး ဒီပါတီက အဆိုပြုခဲ့ပါတယ်။ ဒါဟာ ‘အစ္စလာမ်အခြေခံဝါဒ’ ကို တိုက်ဖျက်ဖို့ လိုအပ်တာကြောင့်ဖြစ်ပြီး မြေထဲပင်လယ်တောင်ပိုင်းကလာမယ့် ‘ကျူးကျော်မှုရန်’ ကနေ ဥရောပ နယ်နမိတ်တွေကို ကာကွယ်ရမယ်လို့လည်း ဒီပါတီက ဆိုပါတယ်။

ဂျူးနှင့် မွတ်စလင်တို့၏သမိုင်းကို ဖျောက်ခြင်း

သက္ကရာဇ် ၁၂၄၉ ခုနှစ်မှာ ပေါ်တူဂီဘုရင် အလ်ဖွန်ဆို ၂ ဟာ အလ်ဂါဗီမြို့က မွတ်စလင်တွေရဲ့ နောက်ဆုံးခံတပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မွတ်စလင်အများစုကို သတ်တာ၊ မွတ်စလင်တွေအုပ်စိုးတဲ့ ဒေသကို မောင်းထုတ်တာ၊ ခရစ်ယာန်ဘာသာကို အဓမ္မပြောင်းခိုင်းတာတွေ လုပ်​ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အနည်းငယ်သော ပမာဏကိုတော့ သီးခြားရပ်ကွက်တွေမှာ နေထိုင်စေခဲ့ပါတယ်။

၁၄၉၆ ခုနှစ်မှာ ဘုရင် မန်နျူယဲလ် ၁ ဟာ ခရစ်ယာန်သီးသန့်နိုင်ငံ ဖြစ်ဖို့အတွက် ဂျူးတွေနဲ့ မွတ်စလင်တွေ အားလုံးကို မောင်းထုတ်ခဲ့ပါတယ်။

အတိအကျ မှတ်တမ်းမရှိပေမယ့် မောင်းထုတ်တဲ့အချိန်တုန်းက ဂျူးလူဦးရေဟာ ၂ သောင်းကနေ တစ်သိန်းကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မွတ်စလင်လူဦးရေကတော့ ဒီထက်နည်းပါတယ်။ အားလုံးကို မောင်းထုတ်ပြီးနောက်ပိုင်းမှာတော့ ဂျူးဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဖြိုချဖျက်ဆီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းဆောက်တာ၊ လူနေအိမ်ဆောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဂျူးနဲ့ မွတ်စလင်တွေ ရာစုနှစ်ချီ တည်ရှိခဲ့ပြီး ဘာသာလူမျိုးစုံ အတူတကွရှိခဲ့တဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

လူနည်းစုဂျူးတွေကို မောင်းထုတ်ခဲ့မှုကို ပေါ်တူဂီအစိုးရက ဝန်ခံခဲ့ကာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး မောင်းထုတ်ခံရတဲ့ ဂျူးမျိုးဆက်တွေကို နိုင်ငံသားပေးမယ့် ဥပဒေတစ်ခုကို ၂၀၁၅ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် ၁၄၉၆ ခုနှစ်မှာ တစ်ကြိမ်တည်းတစ်ပြိုင်တည်း မောင်းထုတ်ခံလိုက်ရတဲ့ မွတ်စလင်တွေရဲ့ မျိုးဆက်တွေကတော့ ဒီအခွင့်အရေး မရပါဘူး။

ဂျူးတွေကို နိုင်ငံသားပေးရေးဥပဒေမူကြမ်း တင်ခဲ့တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ဂျိုဆေး ရီဘီရို အီ ကက်စထရို (Jose Ribeiro e Castro) က ‘မွတ်စလင်တွေကို မောင်းထုတ်မှုဟာ ဘာသာရေးသည်းမခံတာမျိုးထက် စစ်ပွဲသဘော ပိုဆန်တယ်’ လို့ အခုနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီက မွတ်စလင်တွေ မောင်းထုတ်ခံရမှုဟာ ပဒေသရာဇ်ခေတ် တိုက်ပွဲတွေရဲ့ သဘောသဘာ၀ကြောင့်ဖြစ်ပြီး ဘာသာရေးမုန်းတီးမှုကြောင့် ညှင်းပမ်းခံရတဲ့ ဂျူးတွေရဲ့ အနေအအထားမျိုးနဲ့ တန်းညှိလို့မရဘူးလို့ နိုင်ငံရေးသမားတွေက စောဒက တက်ကြပါတယ်။

ခရစ်ယာန်မဟုတ်တဲ့သူတွေအနေနဲ့ ခရစ်ယာန်ကိုပြောင်းမလား၊ ပေါ်တူဂီကနေ ထွက်မလား၊ အသတ်ခံမလားဆိုတဲ့ ပြေးပေါက်မရှိတဲ့ ရွေးချယ်မှု ၃ ခု ပေးတဲ့အခါ မွတ်စလင်အများစုဟာ မြောက်အာဖရိကကို ထွက်ပြေးခဲ့ကြပြီး နောက်ပိုင်းမှာ ဒေသခံပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်သွားပါတယ်။

ဂျူးအများစုကို နိုင်ငံကနေ ထွက်ခွင့်မပေးဘဲ ခရစ်ယာန်ဘာသာကို ကူးပြောင်းဖို့ ဘုရင် မန်နျူယဲလ်က အမိန့်ထပ်ထုတ်ခဲ့ပါတယ်။ ဂျူးကလေးတွေကို လုယူကာ ခရစ်ယာန်မိသားစုတွေထံမှာ မွေးစားစေခဲ့ပြီး ကျန်တဲ့ဂျူးတွေကိုလည်း ခရစ်ယာန်ဘာသာထဲ အဓမ္မ သွတ်သွင်းခဲ့ပါတယ်။

မွတ်စလင်နိုင်ငံတွေက လက်တုန့်ပြန်တိုက်ခိုက်မှာကို ကြောက်တဲ့အတွက် ဘုရင်မန်နျူယဲလ်ဟာ မွတ်စလင်တွေကို အထိအခိုက်မရှိ ထွက်ခွာခွင့်ပေးခဲ့ပြီး၊ ဂျူးတွေကတော့ ဒီလိုအနေအထားမျိုး မရခဲ့ဘူးလို့ သမိုင်းပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

၁၅၀၆ ခုနှစ်မှာ ဂျူးကနေ ခရစ်ယာန်အပြောင်းခံထားရသူ ၁၀၀၀ ကနေ ၄၀၀၀ လောက် လစ္စွဘွန်းမြို့မှာ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးတဲ့နောက်ပိုင်းမှာ ကျန်တဲ့ ခရစ်ယာန်ပြောင်းဂျူးတွေကို တိုင်းပြည်ကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ဂျူးအများစုဟာ လက်ဝါးကပ်တိုက်မှာ မီးရှို့ ခံခဲ့ရတာပါ။

ထွက်ပြေးသွားတဲ့ ဂျူးတော်တော်များများဟာ သက်တာလိုကီနီ (Thessaloniki) အစ္စတန်ဘူလ် (Istanbul) နဲ့ ဒူဘရိုနစ်မြို့ (Dubrovnik) တွေမှာ လူ့အဖွဲ့အစည်းကြီးတွေအဖြစ် ပြန်လည်ရှင်သန်ခဲ့ကြပါတယ်။

၁၅၃၆ ခုနှစ် ပေါ်တူဂီမှာ ဘာသာရေးပုလိပ်အဖွဲ့ (Portuguese Inquisition) ကို တည်ထောင်ပြီးတဲ့နောက်ပိုင်း ခရစ်ယာန်ပြောင်းဂျူးတွေဟာ ထပ်မံ ညှမ်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသား တစ်ဖန်ပြန်ပေးရေး ဥပဒေဟာ ပေါ်တူဂီက ဂျူးအဖွဲ့အစည်းရဲ့ ထိခိုက်ခံစားရမှု၊ သူတို့ရဲ့ သမိုင်းအမွေအနှစ်တွေ ဖျက်ဆီးခံရမှုကို ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။

သမိုင်းကို ဖြည့်စွက်ခြင်း

ပေါ်တူဂီကနေ မောင်းထုတ်ခံလိုက်ရတဲ့ မွတ်စလင်တွေရဲ့ မျိုးဆက်တွေဟာ ဂျူးမျိုးဆက်တွေလို အခြေအနေမျိုး မရပေမယ့် ပေါ်တူဂီရဲ့အတိတ်က အစ္စလာမ့်သမိုင်းအပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပြီး ဒါဟာ သမိုင်းဖြည့်စွက်စရာ အခြားလမ်းအကြောင်းတစ်ခုအဖြစ် တစ်ဖြည်းဖြည်း ပုံပေါ်လာပါတယ်။

မွတ်စ်တာဖာ အဘ်ဒူလ်ဆက်သာရ်လိုပဲ ပေါ်တူဂီ စာရေးဆရာ အဒဲလ်ဘာတို အဲလ်ဗက်စ် (Adalberto Alves) ဟာ အာရဘီဘာသာစကားကနေ ဆင်းသက်လာတဲ့ ပေါ်တူဂီစကားလုံးတွေကို စာရင်းပြုစုခဲ့ပါတယ်။ သာမန်လေ့လာမှုကနေ စတင်ခဲ့ပေမယ့် ၁၀ စုနှစ်ချီကြာတဲ့ ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ အဘိဓာန်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအဘိဓာန်မှာ အာရဘီကနေ ဆင်းသက်လာတဲ့ ပေါ်တူဂီစကားလုံးတွေ၊ စကားပြောတွေ စုစုပေါင်း ၁၉၀၀၀ လောက် ပါဝင်ပါတယ်။

“ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား ရှိနေတဲ့ အမြင်စောင်းမှု၊ အန်ဒါလူစီ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မေ့လျော့ထားမှုတွေကို ကျွန်တော် ဖယ်ရှားချင်ပါတယ်”လို့ အဲလ်ဗက်စ်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်က မျှတတဲ့သမိုင်းကြောင်းတစ်ခု ပေါ်ပေါက်လာရေး၊ တိုင်းပြည်ရဲ့ အမှတ်သညာနဲ့ သမိုင်းကြောင်းမှာ မွတ်စလင်တွေ တည်ရှိခဲ့မှု၊ မွတ်စလင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေအကြောင်း အချိန်အတော်ကြာ လစ်လျူရှုခံထားရတာကို ဖော်ထုတ်ရေး ဖြစ်ပါတယ်။ ‘ရန်ငါ’ စည်းခြားခံထားရတဲ့ မွတ်စလင်တွေဟာ တစ်ကယ်တော့ ပေါ်တူဂီရဲ့ အသွေးအသားဖြစ်တယ်ဆိုတာကို အဲလ်ဗက်စ်က ချပြချင်တာပါ။

အစ္စလာမ်ကနေ ရရှိထားတဲ့ ယဉ်ကျေးမှုနဲ့ အသိပညာဆိုင်ရာ အမွေအနှစ်တွေကို ဥရောပက အသိအမှတ် မပြုသေးဘဲ၊ မွတ်စလင်တွေကို ဥရောပသမိုင်းကနေ ဖယ်ထားတယ်လို့ အဲလ်ဗက်စ်က ယုံကြည်နေပါတယ်။

သမိုင်းမေ့ထားမှုကို ပြင်ဆင်ဖြည့်စွက်ဖို့အတွက် ကဗျာစာပေ၊ ဘာသာစကားကနေ ဂီတနယ်ပယ်၊ မုန့်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ မင်နာရာမျှော်စင်ပုံစံ မီးခိုးခေါင်းတိုင်တွေ စသဖြင့် ပေါ်တူဂီနိုင်ငံက အလ်-အန်ဒါလုစ် လူ့အဖွဲ့အစည်းရဲ့အမွေအနှစ်တွေအကြောင်းကို အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ၃၅ နှစ်လုံးလုံး မှတ်တမ်းပြုစုခဲ့ပါတယ်။ သူ့ရဲ့ ဒီလို အားထုတ်ကြိုးပမ်းမှုကို ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ UNESCO က အသိအမှတ်ပြုခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ Sharjah Prize for Arab Culture ဆု ချီးမြှင့်ခဲ့ပါတယ်။

ပေါ်တူဂီမှာ မွတ်စလင်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေဟာ ထင်ထားတာထက်ကို ပိုများတယ်လို့ အဲလ်ဗက်စ်က ပြောပါတယ်။ ပေါ်တူဂီပြည့်ရှင်တွေဟာ အာရပ်တွေ လေ့လာဖော်ထုတ်ခဲ့တဲ့ ရေကြောင်းသိပ္ပံကို အမှီပြုခဲ့ရပါတယ်။ အိန္ဒိယ ရေကြောင်းခရီးစဉ်အတွက် ပေါ်တူဂီမှာ ချီးကျူးဂုဏ်ပြုခံရတဲ့ ဗာစကိုဒဂါးမားဆိုရင် အိန္ဒိယကို ရောက်ဖို့အတွက် မွတ်စလင်သင်္ဘောကပ္ပတိန်အပေါ် မှီခိုခဲ့ရတယ်လို့ ပြောစမတ်ရှိပါတယ်။

အစ္စလာမ့်သမိုင်းအမွေအနှစ်နဲ့ပတ်သက်လို့ ပေါ်တူဂီမှာရှိနေတဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲရာမှာ အဲလ်ဗစ်က်အတွက် အားထားရဆုံး နယ်ပယ်က ကဗျာစာပေဖြစ်ပါတယ်။ အန်ဒါလုစ်ခေတ်က အာရဘီ ကဗျာစာပေတွေကို စုစည်းပြီး ပေါ်တူဂီဘာသာစကားကို အဲလ်ဗက်စ်က ပြန်ဆိုခဲ့ပါတယ်။ သူရဲ့အားထုတ်မှုကြောင့် အန်ဒါလူစီယာက အကျော်ကြားဆုံး ကဗျာဆရာတွေထဲမှာ ပါဝင်ပြီး ဆီးဗီးလားရဲ့ နောက်ဆုံးမွတ်စလင်ဘုရင်လည်းဖြစ်တဲ့ အလ်-မူတာမစ် (al-Mu’tamid) လို ကဗျာဆရာမျိုး​တွေဟာ ‘တိုင်းရင်း ကဗျာဆရာ’ အဖြစ် နာမည်ကျော်လာပါတယ်။ အခုနှစ်အစောပိုင်း လစ္စဘွန်းမြို့က အမျိုးသားစာကြည့်တိုက်မှာ အလ်-မူတာမစ်ရဲ့ ကဗျာပြပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

“ကဗျာကဝိတစ်ဆူဖြစ်တဲ့ ဘုရင် အလ်-မူတာမစ် အစ်ဗနေ့ အဘာ့ဒ်တစ်ယောက် တူတူတန်တန် အသိအမှတ်ပြုခံရဖို့အတွက် ကျွန်တော့်ရဲ့ ဘ၀အစိတ်အပိုင်း များအပြားကို နှစ်မြှုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၂ ဦးစလုံးဟာ ဘီဂျာမြို့ဇာတိ ဖြစ်နေတာကြောင့်လည်း ပါပါတယ်” လို့ အဲလ်ဗက်စ်က ပြောကြားခဲ့ပါတယ်။

အာရပ်မွတ်စလင်တွေဟာ ကျူးကျော်သူတွေဖြစ်တယ်ဆိုတဲ့ သမရိုးကျအမြင်တွေကို ဖယ်ရှားရေး၊ အတိတ်က အစ္စလာမ်သာသနပြလွှမ်းမိုးမှုဟာ ပေါ်တူဂီရဲ့ အမှတ်သညာနဲ့ သမိုင်းကြောင်းရဲ့ အခြေခံအုတ်မြစ် တစ်စိတ်တစ်ပိုင်းဖြစ်တယ် ဆိုတာကို ပြန်လည်ဖော်ထုတ်နိုင်ရေး ဘီဂျာမြို့မှာ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ နိုင်ငံတောင်ပိုင်းက အဲဒီမြို့လေးဟာ အစ္စလာမ်သာသနာရဲ့ အမွေအနှစ်တွေ ထင်ထင်ရှားရှားရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

မြေထဲပင်လယ်သမိုင်း

ဂွါဒီယာနာ မြစ်ကမ်းနဖူးမှာရှိတဲ့ မြို့ငယ်လေး မာတိုလာက သဖန်းပင်တစ်ပင်အောက်မှာ အိုးကွဲစတွေ တူးဖော်ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ဘီဂျာမြို့က ဒီအားထုတ်မှုတွေ စခဲ့တာပါ။

လူသိပ်မသိတဲ့ အဲဒီမြို့လေးကို ရှေးဟောင်းသမိုင်းပညာရှင် ကလော်ဒီယို တောရက်စ်(Claudio Torres) က ၁၉၇၆ ခုနှစ်မှာ သမိုင်းပညာရှင် အန်တိုနီယို ဘော်ဂက်စ် ကိုအဲလ်ဟို (Antonio Borges Coelho) နဲ့အတူ ပထမဆုံး သွားရောက်ခဲ့ပါတယ်။ ​တောရက်စ်ဟာ လစ္စဘွန်းတက္ကသိုလ်မှာ အလယ်ခေတ်သမိုင်း သင်ကြားသူဖြစ်ပြီး ကျောင်းသားတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် မာတိုလာမြို့လေးကို ရောက်သွားတာပါ။ တောရက်စ်နဲ့ ကိုအဲလ်ဟိုတို့ဟာ ​မြို့တွင်းက အလယ်ခေတ် ရဲတိုက်တစ်ခုနားမှာ အစ္စလာမ်နဲ့နွယ်တဲ့ ကြွေထည်ပစ္စည်းတစ်ချို့ကို တွေ့ရှိခဲ့ပါတယ်။

အခုအသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ ဒါ​တွေကို စတင်တူးဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ သူဟာ ‘မာတိုလာ ရှေးဟောင်းသုတေသန တူးဖော်ကွက်’ (Field of Mertola) ကို တည်ထောင်ခဲ့ပြီး အဲဒီမြို့ကို မိသားလိုက် ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

“မာတိုလာမှာ စစ်ပွဲတွေကို ကျွန်တော်တို့ မတွေ့ရပါဘူး။ လူတွေ ဘယ်လို အတူတကွ နေထိုင်လဲဆိုတာကိုပဲ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျောက်တုံးတွေအောက်မှာ အတူယှဉ်တွဲနေထိုင်မှု သမိုင်းတွေ ရှိနေပါတယ်” လို့ သုတေသနပညာရှင် ဗီရ်ဂီလီယို လိုပက်ဇ်က ပြောကြားခဲ့ပါတယ်။

လိုပက်ဇ်ဟာ အဲဒီ ရှေးဟောင်းသုတေသန တူးဖော်မှုလုပ်ငန်းမှာ နှစ်ပေါင်း ၃၀ လောက် အချိန်ပေးခဲ့တာပါ။

အလယ်ခေတ် ရဲတိုက်ကြီးဘေးမှာ မြင်းခွာပုံ မုခ်ဦးနဲ့ ​ခရစ်ယာန်ဘုရားကျောင်းတစ်ခုရှိပါတယ်။ ဘုရးကျောင်းက ပူဇော်သက္ကာပြုရာစင်ရဲ့ အနောက်မှာတော့ ‘မဟ်ရဘ်’ တစ်ခုကို မြင်ရပါတယ်။ ‘မဟ်ရဘ်’ ဆိုတာ ဗလီက ဝတ်ပြုဖို့ မျက်နှာမူရာဘက် နံရံမှာ စက်လုံးခြမ်းပုံ ထွင်းထားတဲ့ နေရာတစ်ခုဖြစ်ပြီး ရှေ့ဆောင်အီမာမ်က အဲဒီနေရာမှာရပ်က ဝတ်ပြုမှုကို ဦးဆောင်ရပါတယ်။

ဂျူးလူ့အဖွဲ့အစည်းရဲ့ အမွေအနှစ်တွေကိုလည်း မာတိုလာမြို့မှာ ရှေးဟောင်းသမိုင်းပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိ ခရစ်ယာန်ဘုရားကျောင်းဟာ တစ်ချိန်က ရောမနတ်ဘုရားကျောင်းနဲ့ ဗလီ တစ်လှည့်စီဖြစ်ခဲ့တယ်ဆိုတာကိုလည်း သိလာရပါတယ်။

“၁၅ ရာစု အကုန်ပိုင်းအထိ မတူညီတဲ့လူ့အဖွဲ့အစည်းတွေဟာ ဒီနေရာမှာ အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်” လို့ မာတိုလာ ရှေးဟောင်းသုတေသန တူးဖော်ကွက်မှာ တာဝန်ထမ်းဆောင်နေတဲ့ သုတေသနပညာရှင် ဆူဆာနာ မာတီနက်ဇ် (
Susana Martinez ) က ပြောပါတယ်။ သူဟာ အီဗိုရာတက္ကသိုလ် (Evora University) က အလယ်ခေတ်သမိုင်းနဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်။

“မြောက်ပိုင်းကလာတဲ့ ခရစ်ယာန်တွေဟာ လူတိုင်းကို အဓမ္မ ဘာသာထဲသွတ်သွင်းတာ၊ ဂျူးတွေနဲ့ မွတ်စလင်တွေကို မောင်းထုတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကာလကြာရှည်စွာ တည်ရှိခဲ့တဲ့ အတူတကွ နေထိုင်မှုဓလေ့လည်း ပျောက်ကွယ်သွားခဲ့ပါတယ်”

မာတိုလာမြို့က ရှေးဟောင်းသုတေသန တူးဖော်ကွင်းကနေ ရလာတဲ့ အတိတ်ခေတ်က အတူယှဉ်တွဲနေထိုင်မှု သက်သေတွေဟာ ဒီကနေ့ ပေါ်တူဂီမှာ ပြောနေတဲ့ သမိုင်းကြောငး်တွေကို စိန်ခေါ်နေပါတယ်။ တောရက်စ်ကတော့ အစ္စလာမ်သာသနာဟာ ဒေသတွင်းကို ကုန်သွယ်မှု၊ စီးပွားရေးကူးလူးဆက်ဆံမှုကနေတစ်ဆင့် ပြန့်နှံ့လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့်မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

တာရစ် အစ်ဗနေ့-ဇီယဒ် (Tariq ibn-Ziyad) ဦးဆောင်တဲ့ အာရပ်နဲ့ အမာဇစ် စစ်တပ်ဟာ သက္ကရာဇ် ၇၁၁ ခုနှစ်မှာ မြောက်အာဖရိကနေ ဂျီဘရော်တာ ရေလက်ကြားကိုဖြတ်ကာ အိုက်ဘေးရီးယန်းကျွန်းဆွယ် တောင်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီက ဒေသတော်တော်များများကို ခုခံမှုမရှိဘဲ မွတ်စလင်တွေက သိမ်းနိုင်ခဲ့တာပါ။ သေခံတွေ လိုလိုလားလား လက်ခံအလျော့ပေးတာက တိုက်ပွဲတွေထက် ပျော့ပြောင်းတဲ့ အခြေအနေတွေ ရှိခဲ့တာကို ဖော်ကျူးနေတယ်လို့ တောရက်စ်က ဆိုပါတယ်။ ဒီနေ့ စပိန်နဲ့ ပေါ်တူဂီလို့ခေါ်တဲ့ ဒေသတွေကို မွတ်စလင်တွေက နှစ်အနည်းငယ်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့တာပါ။

“ကျွန်တော်တို့ ကျောင်းမှာသင်ရတဲ့ ဇာတ်နာတွေက တကယ်တော့ မြေပြင်က အခြေအနေတွေနဲ့ မကိုက်ပါဘူး။ ဘာသာရေးသဟဇာတဖြစ်ပြီး လူ့အဖွဲ့အစည်းတွေအကြား အချိန်ကာလ ကြာညောင်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့တဲ့ သမိုင်းကို ဖော်ကျူးနေတဲ့ မာတိုလာဟာ အရေးပါပါတယ်” လို့ လိုပက်ဇ်က ပြောကြားခဲ့ပါတယ်။

မြေထဲပင်လယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြား နယ်စပ်တွေကို တင်း​ကြပ်လာပြီး၊ သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေတဲ့ အခုလိုအချိန်မှာ တစ်ချိန်က ဒီပင်လယ်ကြီးဟာ ပေါင်းကူးတံတားတစ်ခု ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို သိပ်ပြီး စဉ်းစားမိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မာတိုလာမှာ ရှေးဟောင်းပညာရှင်တွေက ဒီအချက်ကို တွေ့ရှိခဲ့ကြပါတယ်။ မျိုးသားရေးဝါဒကြောင့် သဘောထားကွဲနေပေမယ့် ​​မြေထဲပင်လယ် ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်းဟာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင်ရာတွေ ပတ်သက်ဆက်နွယ်မှု ရှိနေပါတယ်။

“မြေထဲပင်လယ် တောင်ဖက်ပိုင်းဟာ သတ်သတ်ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ ရှုမြင်လို့ မရပါဘူး။ အဲဒီဘက်ကလူတွေကလည်း ကျွန်တော်တို့လူတွေပါပဲ။ မျိုးရိုးအရ၊ ယဉ်ကျေးမှုအရ ကျွန်တော်တို့ဟာ တော်တော်လေးကို နီးစပ်ကြပါတယ်” လို့ လိုပက်ဇ်က ပြောပါတယ်။

မြေထဲပင်လယ်ဒေသတစ်ဝိုက်က မတူကွဲပြားစွာ ညီညွတ်မှုသမိုင်းရှည်ကို အာရုံစိုက်လာကြပြီး မွတ်စလင်တွေကို ‘ရန်ငါ’ စည်းခြားထားတဲ့ အမျိုးသားရေးသမိုင်းပုံရိပ် လွှမ်းမိုးမှုအပေါ် မေးခွန်းထုတ်လာ​ကြပါတယ်။ ဒါပေမယ့် အမျိုးသားရေးအမှတ်သညာ၊ သမိုင်းဆိုင်ရာတို့နဲ့ပတ်သက်ပြီး သံမှိုစွဲနေတဲ့ အစွဲတွေကို ချွတ်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။

“ညီညွတ်မှုသမိုင်းကြောင်းတွေကို ကျွန်တော်တို့ ဆက်လက် ဖော်ထုတ်တင်ပြသွားဖို့ လိုအပ်ပါတယ်။ ဘွရှင်မင်းတြားတွေနဲ့ သူတို့ရဲ့ တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ သာမန်ပြည်သူလူထုအကြောင်း၊ သူတို့ရဲ့ ကူးလူးဆက်နွယ်မှု၊ ဘ၀နေထိုင်မှုအကြောင်းတွေကို ဖော်ထုတ်တင်ပြရမှာပါ။ သမရိုးကျအမြင်တွေ၊ ထင်မြင်ယူဆချက်တွေကနေလာတဲ့ ‘ရန်ငါ’ စည်းခြားမှုကို ဖယ်ရှားဖို့အတွက် ဒီအကြောင်းအရာတွေက အင်အားရှိတဲ့ နည်းလမ်းဖြစ်ပါတယ်” လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြေထဲပင်လယ်က မတူကွဲပြားစွာ ညီညွတ်မှုအကြောင်းတွေကို ပြောပြထားတာမျိုး ဘာမှမရှိဘူးလို့ ကလော်ဒီယို တောရက်စ်က သူ ့အတွေ့အကြုံကို အခြေခံပြီး ပြောကြားခဲ့ပါတယ်။

ကျောင်းသားဘ၀ ၁၉၆၀ ပြည့်နှစ်တွေက တောရက်စ်ဟာ အာဏာရှင်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရပါတယ်။ ပေါ်တူဂီရဲ့ နယ်ချဲ့စစ်ပွဲအတွက် စစ်ထဲဝင်ဖို့ အမိန့်ရောက်လာတဲ့အခါမှာတော့ တောရက်စ်တစ်ယောက် ထွက်ပြေးခဲ့ပါတယ်။

မှောင်ခိုသမားတွေတောင်းတဲ့ငွေ မပေးနိုင်တာကြောင့် တောရက်စ်ဟာ ပြင်သစ်နိုင်ငံကို မထွက်ပြေးနိုင်ခဲ့ဘဲ စက်လှေအသေးလေးနဲ့ မော်ရိုကိုနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အာဏာရှင်စနစ်နဲ့ နယ်ချဲ့စစ်ပွဲကို ကြောက်ရွံ့ပြီး ထွက်ပြေးလာတဲ့ အခြားပေါ်တူဂီနိုင်ငံသားတွေပါ ပါတဲ့ သူတို့စက်လှေဟာ နစ်မြုပ်လုနီးနီးဖြစ်ခဲ့ပါတယ်။ ဒါဟာ နောက်ထပ်နှစ်ပေါင်း ၆၀ အကြာ မူစတာဖာ အဘ်ဒူလ်ဆက်သားရ်တို့ ပေါ်တူဂီကို လာရောက်ခိုလှုံတဲ့အချိန် ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်မျိုးပါပဲ။

“ဒီနေ့အချိန်အထိ နေ့တိုင်း ဒီလို ခရီးတွေ ရှိနေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအရင်က ကျွန်တော်တို့ကိုယ်တိုင် ဒီလို ထွက်ပြေးခိုလှုံခဲ့ရတာကို ကျွန်တော်တို့ မေ့လျော့နေကြပါပြီ” လို့ လိုပက်ဇ်က ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

(အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့်
The Portuguese rediscovering their country’s Muslim past ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.