ဇွန် ၁၉၊ ၂၀၂၀
M-Media
-အနောက်ဖက်ကမ်းက ဒေသတစ်ချို့ကို ပိုင်နက်ထဲထည့်သွင်းရေးအစီအစဉ်ကို အစ္စရေးက ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အချုပ်အခြာအာဏာပိုင်နိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာသိကြေငြာသွားမယ်လို့ ပါလက်စတိုင်းက ပြောကြားလိုက်ပါတယ်။
ပြည်ပကဝင်ရောက်လာတဲ့ဂျူးတွေဟာ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ တည်ထောင်ကြောင်း ကြေငြာပြီးကတည်းက ပါလက်လက်စတိုင်းပြည်သူတွေဟာ နိုင်ငံပျောက်ဆုံးနေတာပါ။
အဲဒီနောက်ပိုင်း အစ္စရေးဟာ ကျန်ရှိနေတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဆောက်လုပ်ထားတဲ့ တရားမဝင် ဂျူးအခြေချအိမ်ယာတွေကို ဇူလိုင်လ ၁ ရက်နေ့ကျရင် ပိုက်နက်ထဲထည့်သွင်းဖို့ အစ္စရေးက စီစဉ်ထားပါတယ်။ ဒါဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်မံသိမ်းပိုက်မယ့် အစီအစဉ်ပါ။
ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှာတေယာဟ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ အတူယှဉ်တွဲတည်ရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ၁၀ စုနှစ်ချီ ကြိုးပမ်းမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးက ဒီအစီအစဉ်ကို ရှေ့ဆက်တိုးမယ်ဆိုရင် အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကိုပေါင်းစည်းကာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ကြောင်း ကြေငြာသွားမယ်လို့လည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ယာဆာ အာရာဖတ်က ၁၉၈၈ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ကြောင်း ကြေငြာခဲ့ပေမယ့် ပါလက်စတိုင်းရဲ့ ပိုင်နက်တွေကို အစ္စရေးက သိမ်းပိုက်ထားပြီး နှစ်ဖက် သဘောတူညီချက်မရတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို အပြည့်အ၀ မရခဲ့ပါဘူး။
ရှာတေယာဟ်က အခုတစ်ကြိမ် ထပ်ကြေငြာဖြစ်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို ရရှိအောင် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
Ref: The Guardian
Comments