ဇွန် ၂၆၊ ၂၀၂၀
M-Media
ဆောင်းပါးရှင် – နေမျိုး
ဒီမေးခွန်းကိုဖြေဖို့အတွက် အဓိကစဉ်းစားရမဲ့အချက်က ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အမတ်လုပ်ပြီး ဘာကို ဖော်ဆောင်ချင်တာလဲဆိုတာပါဘဲ။ မိမိပုဂ္ဂိုလ်ရေးဆန္ဒအတွက် အမတ်ဖြစ်ချင်တယ်ဆိုရင် ရှင်းပါတယ်။ လူတိုင်းဟာ အခွင့်အရေးကိုယ်စီ ရှိကြတဲ့အတွက် အမတ်ရွေးချယ်ပိုင်ခွင့်၊ အမတ်ဖြစ်ခွင့်ရှိတယ်။ ဒါကြောင့် များများစား စားဆွေးနွေးစရာမရှိပါဘူး။
ဒါပေမဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်ဟာ မွတ်စလင်မ်လူထုအတွက်တန်းတူအခွင့်အရေးရရှိရေး ခွဲခြားမှုပပျောက်ရေး သော်လည်းကောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်သော်လည်းကောင်း ဆိုရင် လက်ရှိပါတီတွေရဲ့ အမတ်လောင်းအနေနဲ့ ဝင်မပြိုင်သင့်ပါဘူး။ ပါတီ ဝင်တောင်မဖြစ်သင့်ပါဘူး။ ဘယ်ပါတီဝင်မှမဖြစ်သင့်သလို ဘယ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့မှလည်း မဝင်ပြိုင်သင့်ပါဘူး။
ဘာကြောင့်ပါလဲ။
မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးလိုလိုဟာ မွတ်စလင်မ်မလိုလားတဲ့ပါတီတွေဖြစ်တယ်။ မွတ်စလင်မ်ပါတီ ဝင်တွေကိုနေရာပေးတဲ့ ဓလေ့အရင်ကမရှိခဲ့သလို အခုလည်းမရှိပါဘူး။ မွတ်စလင်မ် ပါတီဝင်အများစုဟာ ပါတီက လိုအပ် တဲ့အခါ အသုံးတော်ခံရပြီး ရာထူးနေရာကိစ္စရောက်လာရင် အမြဲချောင်ထိုးခံရပါတယ်။ မွတ်စလင်မ်မလို့ ခွဲခြားတယ်ဆို တာကို တိတ်တဆိတ်လုပ်ကြတာတောင်မဟုတ်ဘဲ ပေါ်တင်ပြောဆိုခွဲခြားတာကို ခနခန ကြားရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို လက်မခံတဲ့ နိုင်ငံရေးပါတီမှာ အဖွဲ့ဝင်ဖြစ်မနေသင့်ပါဘူး။ အဲ့ဒီပါတီတွေရဲ့ အသုံးတော်ခံနဲ့ ပျာတာတွေ ဖြစ်မနေသင့်ပါဘူး။
ကံကောင်းထောက်မလို့ မွတ်စလင်မ်ကင်းစင်လွတ်တော်လို့ ထပ်အခေါ်မခံချင်လို့ တယောက်တလေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အရွေးခံရတယ်ဆိုပါစို့။ ကိုယ်က မွတ်စလင်မ်တန်းတူအခွင့်အရေး၊ မွတ်စလင်မ်လူမှုဖူလုံရေးပြောခွင့်ရှိမယ်လို့ထင်ပါသလား။ ပါတီရဲ့ မူဝါဒနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာအရ ကိုယ့်အမှန်တရားဘေးချပြီး မယောင်ရာဆီလူးရပါလိမ့်မယ်။ ကိုယ့်ရဲ့အခွင့်အရေးဆိုတာဟာလည်း နားနဲ့မနာ ဖဝါးနဲ့နာပါလို့ဆိုပြီး ပြောရရင် ဆင်အဟွာခွေးမျှော်ဆိုသလိုသာဖြစ်ပါလိမ့်မယ်။
ရွေးကောက်ပွဲနိုင်လို့ လွတ်တော်ထဲရောက်ရင်တောင် မွတ်စလင်မ်တွေ တန်းတူခွင့်ရရေးအတွက် ဖော်ဆောင်ခွင့်ရမှာ မဟုတ်ဘဲ အထက်ကချပေးတဲ့ နိုင်ငံရေး ရေစီးကြောင်းနောက်လိုက်ရင်း အချိန်ကုန်သွားပါလိမ့်မယ်။ အရင်က ပါတီတွင်း အသုံးတော်ခံဘဝကနေ လွတ်တော်တွင်းအသုံးတော်ခံသာဖြစ်ပါလိမ့်မယ်။
ပင်မရေစီးကြောင်း နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအတွင်း ရောက်သွားကြတဲ့ မွတ်စလင်မ်များဟာ ဘယ်တုန်းကမှ မွတ်စလင်မ်တန်းတူရေးဆိုတာကို လုပ်ခွင့်မရကြပါဘူး။ အဖွဲ့အစည်းက အခွင့်မပေးသလို လုပ်ဖော်ကိုယ်ဖက်အများစုရဲ့ ဟန့်တားခွဲခြားခြင်းသာခံ ရပါတယ်။ မွတ်စလင်မ်တန်းတူအခွင့်အရေးအတွက်ဆိုရင် ပရိုဂရမ်တွေ သတ်မှတ် ဖော်ဆောင်တာ၊ ရံပုံငွေချပေးထားတွေ ခနထား မွတ်စလင်မ် တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ခေါင်းဆောင်နဲ့ အကြောင်းအရာတောင် ဆွေးနွေးတင်ပြခွင့် မရတာများပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းအများစု အတူတူပါဘဲ။
ခေတ်အဆက်ဆက်နဲ့ နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ ဒီလိုချည်းဖြစ်နေတဲ့အတွက် လွတ်တော်ထဲမှာလဲ ဒီလိုဘဲ ဆက်ဖြစ်နေပါအုံးမယ်။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်ဟာ မွတ်စလင်မ်များတန်းတူ အခွင့်အရေးရဖို့ဆိုရင် ပါတီဝင်ခြင်း၊ ပါတီအမတ်လောင်းအနေနဲ့ အရွေးခံခြင်းဟာ မျှော်လင့်ချက်အမှားလို့ ယူဆလို့ရပါတယ်။
မွတ်စလင်မ်အခွင့်အရေးပြောလို့မရမှတော့ အမတ်ဖြစ်တာနဲ့ မဖြစ်တာ ဘာမှမထူးခြားပါ။
ဒါပေမဲ့ မွတ်စလင်မ်အခွင့်အရေးကို ဦးတည်ပြီး လှုပ်ရှားမှုစတင်နိုင်မှာကတော့ မွတ်စလင်မ်ပါတီထောင်တာ၊ ဒါမှ မဟုတ် တသီး ပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်တာဖြစ်ပါမယ်။ ရွေးကောက်ပွဲနိုင်ချင်မှနိုင်မယ် ဒါပေမဲ့ မွတ်စလင်မ်အရေးကို ဦးတည်ပြီးမဲ ဆွယ်ခြင်းကြောင့် အနည်းဆုံး မွတ်စလင်မ်တွေရဲ့ ခံစားရတာကို လူတွေသိအောင် ထုတ်ပြောပြ နိုင်မယ်၊ နောင်လာနောင်သား မွတ်စလင်မ်လူငယ်တွေအတွက် အားကျအတုယူစရာဖြစ်ပြီး အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်မဲ့ လူငယ်တွေရှေ့ကိုထွက်လာပါလိမ့်မယ်။
ရွေးကောက်ပွဲမနိုင်ပေမဲ့ မွတ်စလင်မ်တွေခံစားနစ်နာတဲ့အကြောင်းထုတ်ဖော်ပြောနိုင်တာ၊ ကမ်ပိန်းလုပ်နိုင်တာ၊ အနာဂတ် လူငယ်ခေါင်းဆောင်တွေကို ကိုယ့်ကိုခွဲခြားတဲ့ပါတီအောက်အတင်းလက်ဝင်စရာမလိုဘဲ ကိုယ့်နိုင်ငံရေးကိုယ် လုပ်ဖို့ နည်းလမ်းပြနိုင်မယ်ဆိုရင် လွတ်တော်ထဲဝင်ပြီး အသုံးတော်ခံရတာထက် ပိုအကျိုးရှိပါလိမ့်မယ်။
(ယခုဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)
Comments