ဇူလိုင် ၇၊၂၀၂၀
M-Media
-Covid-19 ရောဂါဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့အချက်ကို လက်ခံကြေငြာပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမေရိကန်နဲ့ ဩစတေးလျ သိပ္ပံပညာရှင် ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရောဂါရှိသူတစ်ဦး နှာချေတာ၊ ချောင်းဆိုတာတွေကနေ ကျလာတဲ့ အရည်အစက်အပြောက်တွေဟာ မြေပြင်ကိုရောက်ပြီး အဲဒါကို ထိတွေ့မှသာ ကူးစက်နိုင်ကာ လေထဲကနေတစ်ဆင့် မကူးစက်နိုင်ဘူးဆိုတဲ့ အယူအဆကို WHO က လက်ခံထားတာပါ။
ဆေးပညာဂျာနယ် Clinical Infectious Diseases မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြခဲ့တဲ့ ကိုဗစ်ဆောင်းပါးတစ်ခုမှာတော့ ချောင်းဆို၊ နှာချေတာကနေထွက်တဲ့ အစက်အပြောက်တွေဟာ လေထဲမှာ လွင့်မျောနိုင်တဲ့ အခြေအနေရှိတဲ့အတွက် လေထဲကနေတစ်ဆင့် ကိုဗစ်ကူးစက်နိုင်တဲ့အန္တရာယ် မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။
လေ့လာဆန်းစစ်မှုကနေ ပေါ်ထွက်လာတဲ့ ဒီရေးသားမှုကို နိုင်ငံ ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ဦးကလည်း ထောက်ခံအတည်ပြုထားပါတယ်။
ကိုဗစ်ဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တဲ့အန္တရာယ် ရှိတယ်ဆိုပြီး အရင်က သိပ္ပံပညာတွေ သတိပေးခဲ့ပေမယ့် WHO က လက်မခံဘဲ ဒီအတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က သံပြိုင်အဖွဲ့တစ်ခုမှာ ကိုဗစ်ကူးစက်မှုရှိခဲ့တာ၊ တရုတ်နိုင်ငံကွမ်ကျိုးမြို့က လေဝင်လေထွက်မကောင်းတဲ့ စာသောက်ဆိုင်မှာ ကိုဗစ်ကူးစက်မှုနဲ့ပတ်သက်တဲ့ လေ့လာမှုရလဒ်ကို အစိုးရက မထုတ်ပြန်တာတွေကိုလည်း ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
Covid-19 လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာကို အသိအမှတ်မပြုတာ၊ ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေ ချမှတ်ထုတ်ပြန်ခြင်းမပြုတာတွေကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံပညာရှင်နှစ်ဦးက သတိပေးခဲ့ပါတယ်။
Ref: Aljazeera
Comments