ဇူလိုင် ၁၀၊ ၂၀၂၀
M-Media
-တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ရဲ့ သက်တော်ရှည်မြို့တော်ဝန် ပက်ဝွန်ဆွန်းဟာ မနေ့က ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် မြို့မြောက်ပိုင်းက တောထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ ရှိခဲ့ပါတယ်။
ဖခင်ပျောက်ဆုံးသွားကြောင်း ပက်ရဲ့ သမီးဖြစ်သူက ကြာသာပတေးနေ့ညနေ ၅ နာရီလောက်မှာ တိုင်ကြားခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ ပက်ရဲ့ဖုန်းကို နောက်ဆုံးခြေရာခံနိုင်ခဲ့တဲ့ ဆိုးလ်မြို့မြောက်ပိုင်းက ဘူဂက်တောင်မှာ ရှာဖွေခဲ့ကြတာပါ။
အင်အား ၆၀၀ ကျော်နဲ့ ၇ နာရီလောက်ရှာဖွေခဲ့ပြီးတဲ့နောက် ပက်ရဲ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အသတ်ခံရတယ်ဆိုတဲ့လက္ခဏာ၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့ မှတ်ချက်မျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပက် ပျောက်ဆုံးသွားမှု အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဆိုးလ်မြို့အခြေစိုက် SBS သတင်းဌာနက ပက်ဟာ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်မှုနဲ့ အတွင်းရေးမှူးတစ်ယောက်ရဲ့ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုကို ခံထားရတယ်လို့ ဖော်ပြခဲ့ပါတယ်။
မြို့တော်ခန်းမမှာ အလုပ်အလုပ်တဲ့ အမျိုးသမီး ဝန်ထမ်းတစ်ချို့ကိုလည်း ပက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုရှိခဲ့တယ်လို့ တိုင်ကြားတဲ့ အတွင်းရေးမှူးက ထွက်ဆိုခဲ့ကြောင်း SBS သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အခြား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ MBC က ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရတဲ့ ပက်ဟာ ၃ ကြိမ်ဆက်အရွေးခံရတဲ့ ပထမဆုံး ဆိုးလ်မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ပါတယ်။ သမ္မတ မွန်ဂျယ်အင်ရဲ့ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။
Ref: Aljazeera
Comments