ဩဂုတ် ၇၊ ၂၀၂၀
M-Media
-ဘောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသား ဆူရှန့်ဆင်း ရာဂျ်ပွတ် သေဆုံးမှုကို အိန္ဒိယရဲ့ ထိပ်တန်း ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က ကိုင်တွယ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ် ဆူရှန့်ကို ဇွန်လက မွန်ဘိုင်းမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဆွဲကြိုးချအနေအထားနဲ့ သေဆုံးလျက် တွေ့ခဲ့ရတာပါ။ ရဲတပ်ဖွဲ့က မိမိကိုယ်ကို သတ်သေမှုလို့ ထုတ်ပြန်ထားပေမယ့် အိန္ဒိယဆိုရှယ်မီဒီယာမှာတော့ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
မိသားစုက ဆူရှန့်ဟာ စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီး၊ ရည်းစားဟောင်း မင်းသမီး ရီအာ ချက်ကရာဘော်တီကလည်း ဆူရှန့်ရဲ့ငွေတွေကို ခိုးတာ၊ အရှက်ရအောင်လုပ်တာတွေ ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ မင်းသမီးက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဖက်ဒရယ်အစိုးရက ကိုင်တွယ်ဖို့ တရားရုံးချုပ်ကို တောင်းဆိုခဲ့ပါတယ်။
ဆူရှန့်ဟာ သူ့ မန်နေဂျာ ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်ပတ်အကြာမှာ သေဆုံးခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် မင်းသားမင်းသမီးအချို့ အပါအဝင် ဘောလီးဝုဒ် ရုပ်ရှင်လောကက ဖိအားတွေအကြောင်း ဝေဖန်ပြောဆိုမှုတွေ များပြားလာပါတယ်။
အစိုးရတာဝန်ရှိသူ တူရှာရ် မဟ်တာက ဆူရှန့်အမှုကို ဖက်ဒရယ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန CBI က ကိုင်တွယ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments