ဩဂုတ် ၁၁၊ ၂၀၂၀
M-Media
Twitter က TikTok ကိုဝယ်မည်ဟု သတင်းထွက်
နာမည်ကြီးဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ဟာ TikTok ကို ဝယ်ယူဖို့ တရုတ်ကုမ္ပဏီ ByteDance ကို ချဉ်းကပ်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ TikTok ကို ၄၅ ရက်ပိတ်ထားတာပါ။ မိုက်ခရိုဆော့ဖ်ကလည်း TikTok ကိုဝယ်ဖို့ ကြိုးစားနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Twitter ဖက်ကတော့ မှတ်ချက်မပေးသေးပါဘူး။ TikTok ရဲ့တန်ဖိုး ဘယ်လောက်ရှိမလဲဆိုတာနဲ့ ၄၅ ရက်အတွင်း ဝယ်ဖို့ အဆင်သင့်ဖြစ်ပါ့မလားဆိုတာတွေကိုလည်း တိတိကျကျ မသိရသေးပါဘူး။
TikTok ကို Twitter က ဝယ်ယူမယ်ဆိုရင် မိုက်ခရိုဆော့ဖ်ထက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့်မှု အားနည်းလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Fifa 21 တွင် အပြုသဘောမဆောင်သည့် အောင်ပွဲခံမှုများကို ဖယ်ရှားမည်
Fifa 21 ဘောလုံးဂိမ်းမှာ အပြုသဘောမဆောင်တဲ့အောင်ပွဲခံမှုတွေ မထည့်တော့ဘူးလို့ ဂိမ်းထုတ်လုပ်တဲ့ EA Sports ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
EA ဟာ Fifa 21 ကို အောက်တိုဘာလမှာ ဖြန့်ချီရောင်းချမှာ ဖြစ်ပါတယ်။ ဂိမ်မာတွေရဲ့ တောင်းဆိုမှုကြောင့် Shushing လို၊ A-OK လို ပြိုင်ဘက်ကို မလေးစား နှိမ့်ချတဲ့ အောင်ပွဲခံမှုမျိုးတွေ ထည့်တော့မှာမဟုတ်ဘဲ ဂိမ်းနဲ့မဆိုင်တာတွေ မလုပ်မိစေဖို့ ရည်ရွယ်တယ်လို့ ပရိုဂျူဆာ ဆမ်ရီဗီရာက ပြောပါတယ်။
စင်တီဘီလီယံနာစာရင်းတွင် မာ့ခ် ဇက်ကာဘတ် ပါဝင်လာ
Facebook ကို တည်ထောင်သူ မာ့ခ် ဇက်ကာဘတ်ရဲ့ ကြွယ်၀မှုဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သွားခဲ့ပြီး ‘စင်တီဘီလီယံနာ’ လို့ခေါ်တဲ့ သန်းထောင်ပေါင်း ၁၀၀ ကျော် သူကြွယ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
အမေရိကန်မှာ လက်ရှိပိတ်ထားတဲ့ TikTok ကို ပြိုင်မယ့် ဗီဒီယိုအက်ပလီကေးရှင်း Instagram Reels ကို မိတ်ဆက်မယ်လို့ Facebook က ကြေငြာခဲ့ပြီးတဲ့နောက် ရှယ်ယာတွေတက်သွားပြီး အခုလို ကြွယ်၀မှု မြင့်လာတာပါ။
စင်တီဘီလီယံနာစာရင်းမှာ ၃ ဦးသာရှိသေးပြီး Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇို့စ်၊ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နဲ့ မာ့ခ် ဇက်ကာဘတ်တို့ ဖြစ်ပါတယ်။
Ref: BBC, CNN
Comments