စက်တင်ဘာ ၁၂၊ ၂၀၂၀
M-Media
-ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် တရုတ်နိုင်ငံက ဝင်လာသူတွေကို ပစ်သတ်ဖို့ မြောက်ကိုရီးယားက အမိန့်ထုတ်ထားတယ်လို့ တောင်ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
Covid-19 ဟာ ရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်းကို ရိုက်ခတ်ခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ဆီမှာ ရောဂါကူးစက်သူ တစ်ဦးတောင်မရှိဘူးလို့ ထုတ်ပြန်ထားတာပါ။ ဇန်နဝါရီလကတည်းက မြောက်ကိုရီးယားဟာ တရုတ်နယ်စပ်ကို ပိတ်ထားပြီး၊ ဇူလိုင်လမှာတော့ အရေးပေါ်အခြေအနေကို အမြင့်ဆုံးအထိ မြှင့်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ USFK ရဲ့ တပ်မှူး ရောဘတ် အေဘရမ်က နယ်စပ်ပိတ်ထားတာကြောင့် တရုတ်ဖက်က မှောင်ခိုပစ္စည်းဝင်ရောက်မှု မြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေက ထိန်းချုပ်လာရတယ်လို့ ကြာသာပတေးနေ့ CSIS က ကျင်းပတဲ့ အွန်လိုင်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
တရုတ်နယ်စပ်ကနေ တစ်ကီလိုမီတာ ဒါမှမဟုတ် နှစ်ကီလိုမီတာလောက်ကို buffer zone အဖြစ်သတ်မှတ်ထားပြီး မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေချထားကာ ၀င်လာသူတွေကို နေရာမှာပဲ ပစ်သတ်ခွင့်ပေးထားတယ်လို့လည်း အေဘရမ်က ဆိုပါတယ်။
နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေရှိနေတဲ့အချိန် ကိုဗစ်ကြောင့် တရုတ်ကုန်ပစ္စည်းတွေ ဝင်ရောက်မှု ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ၊ မကြာသေးခင်က မေဆက်တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရတာ စတာတွေကြောင့် မြောက်ကိုရီးယားဖက်ကနေ ရန်လိုတဲ့အပြုအမူမျိုး လတ်တလောမှာ မမြင်ရနိုင်သေးဘဲ လာမယ်လ အာဏာရပါတီရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ လက်နက်သစ်တစ်ချို့ကို ထုတ်ပြလာနိုင်တယ်လို့ အေဘရမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: New Straits Times
Comments