6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၇၊ ၂၀၂၀
M-Media

လာအို သမ္မတ Bounnhang Vorachith (ဝဲ) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်

-Belt and Road ​စီမံကိန်းက အကြွေးကို ဆပ်နိုင်ဖို့အတွက် လာအိုနိုင်ငံဟာ တိုင်းပြည်ရဲ့ မဟာဓာတ်အားလိုင်းထိန်းချုပ်ခွင့်ကို တရုတ်ထံ လွှဲပေးရတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက်တန်တဲ့ တရုတ်-လာအို အမြန်ရထားလိုင်းဟာ လာမယ့်တစ်နှစ်အတွင်း ပြီးစီးမှာပါ။ ပထမဆုံးခရီးစဉ်ဟာ လာအိုရဲ့ အမျိုးသားနေ့ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ မြို့တော် ဗီယန်ကျင်းကို ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်။

လာအိုအမျိုးသားနေ့ဟာ ၁၉၇၅ ခုနှစ် ကွန်မြူနစ်တွေက တိုင်းပြည်ကို ထိန်းချုပ်မှုကိုအစွဲပြု သတ်မှတ်ထားတာဖြစ်ပြီး အာဏာရ လာအိုပြည်သူ့တော်လှန်ရေးပါတီက ဖော်ဆောင်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တိုးတက်မှုတွေကို​ ဖော်ထုတ် ချပြလေ့ရှိတဲ့ နေ့မျိုးပါ။ ဒါပေမယ့် လာမယ့်နှစ် အမျိုးသားနေ့ အခမ်းအနားကတော့ နိုင်ငံမြောက်ပိုင်းက အင်အားကြီး အိမ်နီးချင်းနိုင်ငံထံမှာ အချုပ်အခြာအာဏာ ဆုံးရှုံးရမယ့် ရှေ့ပြေးနိမိတ်ဖြစ်လာပါတော့မယ်။

လာအိုဟာ တရုတ်ရဲ့ Belt and Road Initiative (BRI) စီမံကိန်း အကြွေးထောင်ချောက်ထဲ သက်ဆင်းရတဲ့​ နောက်ထပ် နိုင်ငံတစ်ခု ဖြစ်လာတယ်ဆိုတာကို လတ်တလောသတင်းတွေက ညွှန်ပြနေပါတယ်။ BRI အကြွေးထောင်ချောက်ဆိုတာ စီမံကိန်းပါ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ဖို့ တရုတ်ဆီကနေယူထားတဲ့ အကြွေးကို ပြန်မဆပ်နိုင်တော့ဘဲ အချုပ်အခြာအာဏာထိပါးစေမယ့် တောင်းဆိုချက်တွေကို ငြင်းဆန်နိုင်စွမ်းမရှိ လိုက်လျောရတဲ့ ထောင်ချောက်မျိုး ဖြစ်ပါတယ်။

လာအိုနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေဟာ ကန်ဒေါ်လာ ၁ ဘီလီယံအောက် ရောက်သွားခဲ့ပြီး တစ်နှစ်တာကလမှာ တိုင်းပြည်ပေးဆပ်ရမယ့် အကြွေးပမာထက် နည်သွားကာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးရမယ့် ​အနေအထားကို ရောက်လာပါတယ်။ လာအို ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ဒီအခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် အကြီးမားဆုံး နိုင်ငံခြားကြွေးရှင်ဖြစ်တဲ့ တရုတ်ကို အကြွေးကိစ္စ ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြီးခဲ့ပြီးလမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ Moody က လာအိုနိုင်ငံရဲ့ကြွေးမြီ ခံနိုင်ရည်ရှိမှုအဆင့်ကို B3 ကနေ လုံးလုံးစိတ်မချရတော့တဲ့ Caa2 အထိ ချခဲ့ပြီး “ငွေဖြစ်လွယ်မှုအနေအထား ဆိုးရွားတာကြောင့်” ​လာအိုအပေါ် ရှုမြင်မှုကို Neutral ကနေ Negative ပြောင်းလိုက်ပါတယ်။

မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း၊ ဒေါ်လာ ၆ ဘီလီယံတန် အမြန်ရထားလမ်း စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လာအိုဟာ နိုင်ငံခြားကနေ ငွေအများအပြား ချေးထားရပါတယ်။ အမြန်ရထားလမ်းဟာ BRI ရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ အရှေ့တောင်အာရှ အတွင်းပိုင်းကို ဆက်သွယ်မယ့် ရထားလမ်းစီမံကိန်းရဲ့ အဓိက ချိတ်ဆက်လမ်းကြောင်း ဖြစ်ပါတယ်။

ရထားလမ်းဖောက်လုပ်မှု ကုန်ကျစားရိတ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တရုတ်အစိုးရဘဏ် Export-Import Bank of China က ချေးငွေနဲ့ ဆောင်ရွက်ရမှာပါ။ ကျန်တဲ့ ကုန်ကျစားရိတ် ၄၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံပိုင် လုပ်ငန်း ၃ ခုနဲ့ လာအိုနိုင်ငံပိုင် လုပ်ငန်း တစ်ခုတို့ ပါဝင်တဲ့ ကော်ပိုရေးရှင်းက ကျခံရမှာ ဖြစ်ပါတယ်။ တရုတ်လုပ်ငန်း ၃ ခုက ရှယ်ယာရဲ့ ၇၀ ရာခိုင်နှုန်းကို ရမှာဖြစ်ပြီး လာအိုလုပ်ငန်းကတော့ ၃၀ ရာခိုင်နှုန်းသာ ရမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ထည့်ရမယ့် ငွေကြေးအတွက် လာအိုအစိုးရဟာ နိုင်ငံတော်ဘက်ဂျက်ကနေ ကန်ဒေါ်လာ သန်း ၂၅၀ ထုတ်ခဲ့ပြီး ကျန်တဲ့ သန်း ၄၈၀ ကို တရုတ်အစိုးရဘဏ် Export-Import Bank of China ကနေ ချေးခဲ့ပါတယ်။

လာအိုနိုင်ငံအတွက် ဒီင​ွေဟာ ထည့်ဝင်ဖို့ မဖြစ်နိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့်စီမံကိန်း လည်ပတ်ဖို့အတွက် နိုင်ငံက ပိုင်တာတွေကို ရောင်းဖို့ လုပ်ဆောင်လာရပါတယ်။

လာအိုအစိုးရဟာ တိုင်းပြည်ရဲ့ မဟာဓာတ်အားလိုင်းက ရှယ်ယာအများစုကို ကွမ်ကျိုးမြို့အခြေစိုက် တရုတ်နိုင်ငံပိုင် လျှပ်စစ်ကုမ္ပဏီ Export-Import Bank of China ကို လွှဲပေးဖို့ လုပ်ဆောင်နေတယ်လို့ စက်တင်ဘာ ၄ ရက်နေ့မှာ Reuters သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်သတင်းဌာန Xinhua ရဲ့ စက်တင်ဘာ ၂ ရက်နေ့ ဗီယန်ကျင်းကနေ သတင်းထုတ်လွှင့်မှုမှာတော့ ‘ဓာတ်အားပေးလုပ်ငန်းမှာ လာအိုနဲ့ တရုတ်တို့အကြား အမြတ်-အမြတ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာရေး အရေးပါတဲ့သဘောတူညီချက်တစ်ခု ရခဲ့ပြီ’ လို့ ဖော်ပြပါတယ်။

China Southern Power Grid ကုမ္ပဏီဟာ ‘အတွေ့အကြုံ၊ နည်းပညာပိုင်းနဲ့ လူသားရင်းမြစ်ပိုင်းမှာ သာလွန်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လာအိုရဲ့ ဓာတ်အားပေးလုပ်ငန်းအတွက် ‘အနာဂတ်သစ်’ ကို ဆောင်းကျင်းပေးလိမ့်မယ်’ လို့ လာအို စွမ်းအင်နဲ့ သတ္ထုတွင်းဝန်ကြီး Khammany Inthirathက က ပြောကြားခဲ့ကြောင်း​ Xinhua က ဆိုပါတယ်။

ဓာတ်အားပေးလုပ်ငန်းက ဒီ ‘အနာဂတ်သစ်’ နဲ့ အမြန်ရထားလမ်း ထိန်းချုပ်မှုနိုင်မှုတို့ဟာ ကိုဗစ်ကပ်ရောဂါကြောင့် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဒယိမ်းဒယိုင်ဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ တရုတ်ရဲ့ ဒေသတွင်း စီးပွားရေးအရ လွှမ်းမိုးနိုင်မှုကို ပိုမိုကျယ်ပြန့် အားကောင်းလာစေမှာ ဖြစ်ပါတယ်။

လာအိုရဲ့ ဓာတ်အားပေးစီမံကိန်းဟာ အဓိကအားဖြင့် တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ဓာတ်အား တင်ပို့ရောင်းချဖို့ ရည်ရွယ်တာဖြစ်ပြီး အခုအခြေအနေကြောင့် တရုတ်ဟာ ထိုင်းနဲ့ ဗီယက်နမ်တို့အပေါ်မှာ စီးပွားရေးအရ၊ မဟာဗျူဟာအရ ကစားလို့ရမယ့် အားသာချက်တစ်ခုကို သွယ်ဝိုက်ရရှိသွားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လာအိုကိုကျော်ပြီး မဲခေါင်မြစ်ကနေ ထိုင်းနိုင်ငံ၊ အဲဒီကတစ်ဆင့် အရှေ့တောင်အာရှ အတွင်းပိုင်းကို ဖြတ်ပြီး စင်ကာပူနိုင်ငံအထိရောက်မယ့် ရထားလမ်း ဖြစ်လာရေးမှာ တရုတ်က ဒီအားသာချက်ကိုကိုင်ကာ တွန်းအားပေးနိုင်ပါလိမ့်မယ်။

ရထားလမ်းတည်ဆောက်ခြင်းက လာအိုနိုင်ငံအတွက် ထူးထူးခြားခြားပြောင်းလဲမယ့် အနေအထားမျိုး မဟုတ်ပါဘူး။ ယူနန်ပြည်နယ်မြို့တော် ကူမင်းကနေ ဗီယန်ကျင်းအထိ ၁၀၂၂ ကီလိုမီတာခရီးကို ၁၀ နာရီလောက် ရထားစီးရမှာ ဖြစ်ပါတယ်။

တောတောင်ထူထပ်တဲ့ လာအိုနိုင်ငံအတွင်း ဖောက်လုပ်မယ့် ၄၂၂ ကီလိုမီတာမှာ ၁၉၀ ကီလိုမီတာက လှိုဏ်ခေါင်းတူးရမှာဖြစ်ပြီး ၆၂ ကီလိုမီတာအတွက်က တံတားဆောက်ရမှာ ဖြစ်ပါတယ်။ Xinhua သတင်းဌာနက ကူမင်း-ဗီယန်ကျင်း ရထားလမ်းစီမံကိန်းဟာ ‘အရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်နိုင်ငံနဲ့ဆက်သွယ်မယ့် ရထားလမ်းကွန်ယက် တည်ဆောက်ရေးအတွက် ပထမခြေလှမ်းဖြစ်တယ်’ လို့ ဖော်ပြပါတယ်။

လာအိုနိုင်ငံမှာ လူဦးရေ ၇.၃ သန်းသာရှိပြီး ထက်ဝက်ကျော်က လမ်းကောင်းကောင်းမရှိတဲ့ ရွာတွေမှာ နေထိုင်ကြကာ လျှပ်စစ်မီးလည်း ပုံမှန်မရပါဘူး။ လာအိုရဲ့ တစ်ဦးချင်း ဂျီဒီပီကလည်း အလွန်နည်းပြီး ဒေါ်လာ ၂၆၇၀ သာရှိကာ အာရှက အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

ဒါ့ကြောင့် ဒီရထားလမ်းကို လာအိုပြည်သူလူထုက သုံးကြမှာ မဟုတ်ပါဘူး။ သေးငယ်ပြီး စီးပွားရေးလည်း သိပ်မကောင်းတဲ့ လာအိုနိုင်ငံထက် ထိုင်းနိုင်ငံမှာတော့ တရုတ်ရဲ့ရထားလမ်းဖြစ်လာရေးက ပိုမိုခက်ခဲမယ့် ပုံစံပါ။

တရုတ်ရဲ့လိုဘကို ဖြည့်ရမယ့်ကိစ္စက ဗီယန်ကျင်းကနေ မျက်နှာချင်းဆိုင်ထိုင်းမြို့ နွန်ခိုင်ကို အမြန်ရထားလမ်း ဖောက်ဖို့ဖြစ်ပြီး တရုတ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိုင်းနိုင်ငံက ဒီစီမံကိန်းကို စိတ်ဝင်စားမှု သိပ်မပြပါဘူး။

ထိုင်းပြည်သူတွေဟာ နိုင်ငံမြောက်ပိုင်းက ချင်းမိုင်နဲ့ အခြားမြို့တွေကနေ စက်မှုဇုန်တွေရှိရာ အရှေ့ပိုင်း ကမ်းရိုးတန်းကို ဆက်သွယ်မယ့် ပြည်တွင်း ရထားလိုင်းတွေ၊ နောက်ဆုံး မဲခေါင်မြစ်၊ လာအိုရထားလမ်းနဲ့ ပိုဝေးပြီး သိပ်အရေးမပါတဲ့ ​နိုင်ငံအရှေ့မြောက်ပိုင်းက Nakhon Ratchasima မြို့ကိုသွားမယ့် ရထားလိုင်းတွေ တိုးတက်ကောင်းမွန်ဖို့သာ ပိုပြီး စိတ်ဝင်စားကြပါတယ်။

စက်တင်ဘာလ ပထမသီတင်းပတ်အတွင်း တရုတ်ဟာ ​ထိုးနှက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မလေးကျွန်းဆွယ်ရဲ့ အကျဉ်းဆုံးအပိုင်းဖြစ်တဲ့ Isthmus of Kra ဒေသမှာ တူးမြောင်းတစ်ခုဖောက်လုပ်ရေး တရုတ်ကအဆိုပြုထားတဲ့ အစီအစဉ်ကို စိတ်မဝင်စားဘူးလို့ ထိုင်းအစိုးရက ပြတ်ပြတ်သားသား ပြောလိုက်တာပါ။

ဒီတူးမြောင်းသာ ဖောက်နိုင်ရင် တရုတ်ကုန်သင်္ဘောတွေဟာ မလာကာရေလက်ကြားကို ရှောင်ပြီး သွားနိုင်မှာဖြစ်ပါတယ်။ ထိုင်းအစိုးရကတော့ နိုင်ငံတောင်ပိုင်းက မလေးလူမျိုးတွေရဲ့ဒေသကို ပိုင်းခြားသလိုဖြစ်သွားမယ့် မဟာဗျူဟာမြောက် နေရာတစ်ခုကို နိုင်ငံခြားတိုင်းပြည်က လွှမ်းမိုးချုပ်ကိုင်တာမျိုး မလိုလားပါဘူး။

ဒီကိစ္စက လာအိုမှာလုပ်နေတဲ့ ဘေဂျင်းရဲ့ BRI စီမံကိန်း အရှိန်အဟုန်နဲ့ အားပေးထောက်ခံမှုကို အဟန့်အတား မဖြစ်ပါဘူး။ တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က တရုတ်-လာအို အမြန်ရထားလမ်းဟာ ‘တရုတ်ရဲ့ ကမ္ဘာနဲ့ဆက်သွယ်မယ့် အမြန်ရထားလမ်းစီမံကိန်းကို ဖော်ကျူးမယ့် ထူးခြားတဲ့ အမှတ်အသားတွေထဲကတစ်ခု’ လို့ ဖော်ပြခဲ့ပါတယ်။

ဗီယန်ကျင်းက တရုတ်ကျောထောက်နောက်ခံပြု ကွန်ဖြူရှပ်အင်စတီကျုမှာ တရုတ်စာသင်နေသူ၊ ရထားမောင်းသူ၊ ရထားအင်ဂျင်နီယာ၊ ရထားလမ်းပြုပြင်ထိန်းသိမ်းရေးကြီးကြပ်သူတွေအဖြစ် လေ့ကျင့်သင်ကြားနေသူ လာအိုနိုင်ငံသား ၂၃၃ ဦး ရှိတယ်လို့လည်း Xinhua က ဆိုပါတယ်။

တရုတ်အတွက် အန္တရာယ်က လူစိတ်ဝင်စားအောင် လုပ်ထားတဲ့ အမြန်ရထားလမ်းနဲ့ BRI စီမံကိန်းဟာ အရှိန်ကောင်းနေတဲ့အချိန် ဗီယန်ကျင်းက ရထားဘူတာမှာပဲ အဆုံးသတ်သွားနိုင်တဲ့ကိစ္စပါ။

အကြွေးမဆပ်နိုင်တဲ့အတွက် လာအိုရဲ့ဓာတ်အားပေးလုပ်ငန်းကို တရုတ်ကထိန်းချုပ်လိုက်မှုဟာ – တရုတ်က ဖိအားပေးလာတဲ့အခါ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး အမှီအခိုကင်းမှုကို မကာကွယ်နိုင်တော့တဲ့ လာအိုလို အားအင်နည်းတဲ့ ဒေသတွင်း အခြားနိုင်ငံတွေအတွက် BRI စီမံကိန်းရဲ့ အကြွေးထောင်ချောက်အန္တရာယ်ကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

Ref: Asia Times

(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Laos the latest China debt trap victim ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Comments are closed.