စက်တင်ဘာ ၂၃၊ ၂၀၂၀
M-Media
-မိမိတို့ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းတွေအတွက် ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမီပူတင်က ဒီကနေ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ကမ်းလှမ်းခဲ့ပြီး ကိုဗစ်ရရှိရေး တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကို အွန်လိုင်းကနေတစ်ဆင့် မနေ့မှာ စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သမ္မတပူတင်ကတော့ မိန့်ခွန်းမှာ Covid-19 ကပ်ရောဂါအကြောင်း အဓိကထားပြောဆိုသွားပြီး ကမ္ဘာကြီးဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေး ဖန်တီး ထုတ်လုပ်ဖို့ စိတ်ဝင်စားတဲ့ ကမ္ဘာ့ခေါင်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးကာ လူတိုင်းကို အခမဲ့ထိုးပေးနိုင်ရေး စီစဉ်ဖို့လည်း ပူတင်က တိုက်တွန်းခဲ့ပါတယ်။
Sputnik V လို့အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ရုရှားအစိုးရက ပြီးခဲ့တဲ့လမှာ မှတ်ပုံတင်အသုံးပြုခွင့်ပေးခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။
ပူတင်က ဒီဆေးဟာ စိတ်ချရပြီး၊ အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်ပြောခဲ့ပြီး ကုလဝန်ထမ်းတွေ ထိုးချင်တယ်ဆိုရင် ပေးဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပူတင်ရဲ့ဒီလိုကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပြီး ဒီကိစ္စကို နောက်ပိုင်းမှာ စဉ်းစားသွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
Ref: RT
Comments