စက်တင်ဘာ ၂၅၊ ၂၀၂၀
M-Media
-အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နှစ်နိုင်ငံတည်ရှိရေးမူကို အခြေခံကာ ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းရေး ပိုမိုကြိုးပမ်းအားထုတ်ဖို့ဖြစ်တယ်လို့ ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ် ခါလီဖာက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ခဲ့ပြီး အာရပ်နဲ့ မွတ်စလင်ကမ္ဘာရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။
မနေ့က မိန့်ခွန်းမှာတော့ ဘုရင် အလ် ခါလီဖာက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာစေမယ့် နှစ်နိုင်ငံတည်ရှိရေးမူကို အခြေခံကာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ပိုမိုအားထုတ်ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ထာဟာ ငြိမ်းချမ်းရေးသတင်းစကားပေးတာမျိုး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်လိုက်တာဟာ မျှတဲ့ပြီး၊ အလုံးစုံပြည့်၀တဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လက်ကမ်းပေးထားတယ်ဆိုတဲ့ ငြိမ်းချမ်းရေးသတင်းစကားကို ပါးလိုက်တာ ဖြစ်ပါတယ်”
အစ္စရေးနဲ့ အခုလို ဆက်ဆံရေးထူထောင်လိုက်တာဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်တန့်နိုင်ခဲ့တယ်လို့ ယူအေအီးနဲ့ ဘာရိန်းတို့က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်နေတန်ယာဟု အပါအဝင် အစ္စရေးအစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပါလက်စတိုင်းဒေသတွေကို အစ္စရေးပိုင်နက်ထဲသွတ်သွင်းမယ့် အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားတာဖြစ်ပြီး လုံး၀ရပ်လိုက်တာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘာရိန်းဘုရင် အလ် ခါလီဖာက အစ္စရေးနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ အမေရိကန်ရဲ့ကြိုးစားမှုကို ချီးကျူးတယ်လို့လည်း ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments