အောက်တိုဘာ ၈၊ ၂၀၂၀
M-Media
ပြင်သစ်ဘောလုံးလောကတွင် ဂျီရူး သမိုင်းသစ်ရေး

ယူကရိန်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ မနေ့က ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီယာဂျီရူးဟာ ပြင်သစ်ဘောလုံးသမိုင်းမှာ ၄၂ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းတဲ့ ကစားသမား ဖြစ်လာပါတယ်။
ဒီပွဲဟာ ဂျီရူးရဲ့ နိုင်ငံပွဲ ၁၀၀ မြောက်ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူက အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဖြစ်ပြီး ၅၁ ဂိုး သွင်းယူထားတာပါ။ တတိယနေရာမှာတော့ ယူအီးအက်ဖ်အေဥက္ကဌဟောင်း ပလာတီနီ ရှိနေပါတယ်။
ဇာဟာအား လူမျိုးရေးခွဲခြားသည့် လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရိုင်းဇာဟာကို လူမျိုးရေးခွဲခြားတဲ့ မက်ဆေ့ချ် ပေးပို့ခဲ့သူ အသက် ၁၂ နှစ်အရွယ် လူငယ်ကို သင်တန်းပေးနေတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဒီကိစ္စကို ဇာဟာက တိုင်ကြားပြီးတဲ့နောက် ဇူလိုင်လမှာ ရဲတပ်ဖွဲ့က ဒီလူငယ်ကို ဖမ်းဆီးလိုက်တာပါ။
လူငယ်ဟာ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း၊ အသိပညာပေးသင်တန်းမှာ မတူကွဲပြားမှု၊ ခွဲခြားဆက်ဆံမှုအကြောင်း၊ လူ့အဖွဲ့အစည်းက လက်သင့်မခံတဲ့ အပြုအမူတွေ၊ အမုန်းကြောင့်ဖြစ်လာတဲ့ ရာဇဝတ်မှုတွေ၊ ဒီအတွက် ပြစ်ဒဏ်တွေအကြောင်း ဒီလူငယ်ကို သင်ကြားပို့ချပေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Ref: BBC
Comments