အောက်တိုဘာ ၉၊ ၂၀၂၀
M-Media
-၂၀၂၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က ရရှိသွားပြီး ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဆိုက်နေသူတွေ၊ စားနပ်ရိက္ခာမလုံလောက်သူတွေကိ စွမ်းစွမ်းတမံကူညီပေးနေတဲ့အတွက် ဒီလို ချီးမြှင့်ရတာ ဖြစ်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။
ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရပြီး ကိုဗစ်ကပ်ရောဂါက ဒီအခြေအနေကို ပိုမိုဆိုးရွားစေတဲ့အတွက် WFP နဲ့ အခြားအကူအညီပေးရေးအဖွဲ့တွေက ဒီပြဿနာကို ဖြေရှင်းရေး ကြိုးပမ်းမှုမှာ ကမ္ဘာ့နိုင်ငံတွေက ငွေကြေးထောက်ပံ့ကြဖို့လည်း နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဒီနေ့ကြေငြာချက်ချက်မှာ တိုက်တွန်းထားပါတယ်။
WFP အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ သွမ်မဆင် ဖီရီက နိုဘယ်ဆုအတွက် အမည်စာရင်းဝင်တာကိုက ဂုဏ်ယူဖွယ်ရာဖြစ်ပြီး အခုလို ဆုချီးမြှင်ခြင်းခံခဲ့ရတဲ့အတွက် အတိုင်းထက်အလွန် ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကပ်ရောဂါကာလအတွင် လေကြောင်းလိုင်းတွေအကုန် ပိတ်ထားတဲ့အချိန် ကျွန်တော်တို့ဟာ ကမ္ဘာအကြီးဆုံး လေကြောင်းလိုင်းကြီး ဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ထားတဲ့ ကျွန်တော်တို့ရဲ့ ကွန်ယက်တွေကနေ အကူအညီတွေ ပေးပို့ခဲ့ပြီး ကူးစက်မှုနဲ့ ငတ်မွခေါင်းပါးမှု အန္တရာယ် ကြုံတွေနေရတဲ့ လူတွေကို ကျွန်တော်တို့ ဝန်ထမ်းတွေက ကူညီပေးနိုင်ခဲ့ပါတယ်”
အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ်ပေါင်း ၂၁၁ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၁၀၇ ခုတို့ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။
နိုဘယ်ဆုကို တည်ထောင်ခဲ့သူ ဆွီဒင်သိပ္ပံပညာရှင် အဲလ်ဖရဒ် နိုဘယ် ကွယ်လွန်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ပွဲအခမ်းနားကို ပုံမှန် ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်း မရှိပါဘူး။
WFP အဖွဲ့ဟာ ငြိမ်ချမ်းရေးနိုဘယ်ဆုအတွက် ဆုကြေး ဆွီဒင်ခရောင်း ၁၀ သန်း (ဒေါ်လာ ၁.၁ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ကုလလက်အောက်ခံအဖွဲ့တွေ နိုဘယ်ဆုရရှိမှုဟာ ဒီတစ်ကြိမ်နဲ့ဆို ၁၂ ကြိမ် ရှိပြီ ဖြစ်ပါတယ်။
ဖီရီက ပဋိပက္ခဖြစ်လာရင် စားနပ်ရိက္ခာ မလုံလောက်မှုပါ ပါလာပြီး တစ်ခါတစ်ရံမှာ အကူအညီတွေ နောက်ကြလေ့ရှိကြောင်း၊ အဟာရချို့တဲ့မှုဟာ စားနပ်ရိက္ခာမလုံလောက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ သန့်ရှင်းတဲ့သောက်သုံးရေ မရမှု၊ ရောဂါဘယပြန့်ပွားမှုတွေလည်း ပါဝင်ကြောင်း ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးက အရေးပါကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments