အောက်တိုဘာ ၁၆၊ ၂၀၂၀
M-Media
-အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပေမယ့် ရာထူးကနေ နှုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားလိုက်ပြီး ကျောင်းသားတွေကလည်း ပိုမိုကြီးမားတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
တိုင်းပြည်အတွင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး၊ တော်ဝင်အသိုင်းအဝိုင်းရဲ့ အာဏာဆုပ်ကိုင်ထားမှုကို လျော့ချရေး စတာတွေအတွက် ထိုင်းကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဇူလိုင်လကတည်းက စတင်ဆန္ဒပြခဲ့ကြတာပါ။
အခုတစ်ပတ်မှာ ဆန္ဒပြမှု အရှိန်မြင့်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က အာဏာသိမ်းကာ ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပရာယွတ် နှုတ်ထွက်ရေးပါ တောင်းဆိုလာခဲ့ကြပါတယ်။ ထိုင်းအစိုးရဟာ ကြာသာပတေးနေ့က တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဒီကနေ့မနက်မှာတော့ အစိုးရအဖွဲ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
“ကျွန်တော် နှုတ်ထွက်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ အရေးပေါ်အမိန့်အာဏာကို အသုံးချရမှာပါ။ အခြေအနေတွေ ကြမ်းတမ်းလာတာကြောင့် ကျွန်တော်တို့ ဆက်ရှိနေရမှာ ဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး အရေးပေါ်အမိန့်အာဏာကို တစ်လလောက် အသုံးသွားမှာပါ” လို့ ပရာယွတ်က ပြောကြားခဲ့ပါတယ်။
အရေးပေါ်အခြေအနေအရ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို ၀ရမ်းမပါဘဲ ဖမ်းဆီးနိုင်မှာဖြစ်ပြီး၊ ဆက်အသွယ်ရေးပစ္စည်း၊ ဒေတာအချက်အလက်နဲ့ လက်နက်တွေ ရှာဖွေသိမ်းဆည်းခွင့် အခွင့်အာဏာလည်း ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆတဲ့ အွန်လိုင်း ရေးသားပြောဆိုမှုတွေကိုလည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ ကြေငြာထားပေမယ့် ဆန္ဒပြသူတွေဟာ မနေ့ညပိုင်းက ရှော့ပင်းမောလ်တွေ၊ ဟိုတယ်တွေမှာ စုရုံးခဲ့ကြပြီး ဒီကနေ့မှာ ပိုမိုကြီးမားတဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Ref: Aljazeera
Comments