အောက်တိုဘာ ၁၆၊ ၂၀၂၀
M-Media
-၃ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ကာတာနဲ့ တင်းမာမှုကို ဖြေရှင်းရေး နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်က ပြောကြားလိုက်ပါတယ်။
ကာတာဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးနေပြီး၊ မိမိတို့ရဲ့ ပြည်တွင်းရေးကို နှစ်ပေါင်းများစွာ ဝင်ရောက်စွက်ဖက်တယ်လို့ဆိုကာ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ်မှာ ကာတာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး၊ ကုန်၊ ရေ၊ လေ ပိတ်ဆို့မှုတွေလည်း လုပ်ခဲ့ပါတယ်။
ကာတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
ဒီမကျေလည်မှုကို ဖြေရှင်းရေး အရင်က ကြိုးပမ်းမှုတွေ ရှိပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကာတာအပေါ် ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးရေး အမေရိကန်ကလည်း ဆော်ဒီကို လက်ရှိမှာ တွန်းအားပေးနေပါတယ်။
“အဖြေတစ်ခုရှာဖို့အတွက် ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကာတာက ညီနောင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့လည်း ကျွန်တော်တို့မှာ ဆန္ဒရှိပါတယ်။ ဒီအတွက် သူတို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုနဲ့ တွေ့ဆုံပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖာရ်ဟန်က ပြောကြားခဲ့ပါတယ်။
ဒီကိစ္စကိုမှာ မိမိတို့ ၄ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းဖို့လိုအပ်ပြီး သိပ်မကြာခင်အချိန်အတွင်း အဖြေရမယ့် လမ်းကြောင်းတစ်ခု ရှိနေပြီလို့လည်း ဖာရ်ဟန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ အရင်ကတောင်းဆိုမှုတွေထဲမှာ ဒိုဟာအခြေစိုက် အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပေးရေး၊ ဒေသတွင်း အစ္စလာမ့်မစ်အဖွဲ့တွေနဲ့ ဆက်ဆံရေးထားရှိမှုကို ရပ်ဆိုင်းရေး၊ အီရန်နဲ့ပတ်သက်မှု ကန့်သတ်ရေး၊ ကာတာနိုင်ငံအတွင်း တူရကီတပ်ဖွဲ့တွေကို ဖယ်ရှားရေး စတာတွေ ပါဝင်ပါတယ်။
ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက တင်းမာမှုလျော့ချရေး ဆွေးနွေးဖို့ အဆင်သင့်ရှိပေမယ့် မိမိတို့ရဲ့ အချုပ်အခြာကို လေးစားတဲ့ အဖြေမျိုးသာ ဖြစ်ရမယ်လို့ ပြောကြားထားပါတယ်။
Ref: Aljazeera
Comments