အောက်တိုဘာ ၂၂၊ ၂၀၂၀
M-Media
-တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးသစ်တစ်မျိုး ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာကို ဖြန့်ချီဖို့ စီစဉ်နေတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်နေပြီး အလားအလာကောင်းတယ်လို့ ယူဆထားတဲ့ ကာကွယ်ဆေးနည်းလမ်းအတိုင်း တရုတ်က ကာကွယ်ဆေးအသစ်ကို ထုတ်လုပ်နေတာပါ။
ခန္တာကိုယ်ကို မထိခိုက်စေဘဲ၊ ထိရောက်တဲ့ ကိုယ်ခံစွမ်းအားကို ထုတ်ပေးနိုင်မယ့် အဲဒီကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးလိုက်တာနဲ့ နှစ်အတော်ကြာ ကိုဗစ်ကူးစက်မှု ကာကွယ်နိုင်မယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အနောက်နိုင်ငံတွေက တရုတ်ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး သံသယရှိနေပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ ကနဦးပြောကြားမှုတွေကိုကြည့်ရင် ကာကွယ်ဆေးကို နိုင်ငံအတွင်း တစ်လုံး ဒေါ်လာ ၉၀၊ နိုင်ငံခြားမှာ ၄ ဒေါ်လာလောက်နဲ့ ရောင်းဖို့ စီစဉ်ထားတာကိုတွေ့ရပြီး ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာကိုလွှမ်းမိုးနိုင်မယ့် ‘မမြင်ရတဲ့အင်အား’ (soft power) တစ်ခုအဖြစ် အသုံးပြုဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က အခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထိုးဆေးအလုံးရေ သန်း ၆၁၀ လောက်ထုတ်လုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။
တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနရဲ့ ဇီ၀လုံခြုံရေးအကြီးအကဲ ဝူဂွေကျန်းက ကာကွယ်ဆေးထုတ်လုပ်မှုတိုင်းမှာ အားနည်းချက်တွေ ကြုံတွေ့ရလေ့ရှိပေမယ့် အခု အသစ်စမ်းသပ်နေတဲ့ ကာကွယ်ဆေးမှာ ဆိုးဆိုးရွားရွား အားနည်းချက်မျိုး မကြုံတွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: Asia Times
Comments