အောက်တိုဘာ ၂၃၊ ၂၀၂၀
M-Media
-နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက ကျင့်သုံးတဲ့ ပေါ်လစီတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ကနေဒါလွှတ်တော်တွင်း ကော်မတီတစ်ခုက ပြောကြားလိုက်ပြီး တရုတ်ကတော့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
ရှန်ကျင်းက ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းမှုတွေရှိပြီး အနည်းဆုံး လူ ၁ သန်းလောက် အကျဉ်းစခန်းတွေထဲထည့်ကာ ကွန်မြူနစ်တရုတ်ဇာတ်သွင်းနေတယ်လို့ ကမ္ဘာ့မီဒီယာတွေနဲ့ ကုလတို့က ဖော်ထုတ်ထားပါတယ်။
ဝီဂါတွေဟာ ‘အစုလိုက်အပြုံလိုက် အကျဉ်းချခံထားရမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ စောင့်ကြည့်ချုပ်ချယ်ကန့်သတ်မှု၊ လူဦးရေထိန်းချုပ်မှု’ စတာတွေကို ကြုံတွေ့နေရတယ်လို့ ကနေဒါလွှတ်တော်ကော်မတီက ဗုဒ္ဓဟူးနေ့မှာ သုံးသပ်ခဲ့ပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တရုတ်အာဏာပိုင်တွေကို အရေးယူပိတ်ဆို့ဖို့ ကနေဒါအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
“တရုတ်အစိုးရရဲ့ လုပ်ရပ်တွေဟာ ဝီဂါတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ဖျောက်ဖျက်ပစ်ဖို့ ရည်ရွယ်တယ်ဆိုတာ သက်သေအထောက်အထားတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်”
တရုတ်နုိင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျင်းက ကနေဒါရဲ့ ပြောကြားမှုတွေဟာ အခြေအမြစ်မရှိတဲ့ ပြောကြားချက်တွေဖြစ်ပြီး တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူကလည်း ရှင်ကျန်းနဲ့ ဟောင်ကောင်တို့အပါအဝင် တရုတ်နိုင်ငံက ဒေသတော်တော်များများမှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြီးခဲ့တဲ့လတွေမှာ လူသိရှင်ကြား ရှုတ်ချပြောဆိုထားပါတယ်။
Ref: Aljazeera
Comments