နိုဝင်ဘာ ၆၊ ၂၀၂၀
M-Media
-ဘာသာရေးမစွက်တဲ့ နိုင်ငံရေးနစ်ဟာ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအပေါ် ခွဲခြားဖိနှိပ်ဖို့ မဟုတ်ဘူးဆိုတာ အချို့မွတ်စလင်နိုင်ငံတွေထံ သွားရောက်ရှင်းပြနိုင်ရေး အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ပြင်သစ်နိုင်ငံက စီစဉ်နေပါတယ်။
တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲလှောင်ပြောင်တဲ့ ကျောင်းဆရာတစ်ဦး ပြီးခဲ့တဲ့လအစောပိုင်းက အကြမ်းဖက်သတ်ဖြတ်ခံရပြီးတဲ့နောက် ပြင်သစ်သမ္မတ မာခရွန်ရဲ့ မှတ်ချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ ဆန္ဒပြတာ ပြင်သစ်ကုန်ပစ္စည်း သပိတ်မှောက်တာတွေ ဖြစ်ခဲ့ပါတယ်။
မာခရွန်က ဒီမိုကရေစီရဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာဖော်ပြခွင့်ကို ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး ဘာသာရေးခေါင်းဆောင်တွေအပေါ် လှောင်ပြောင်စော်ကားမှုကို အရေးယူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကလည်း ပြင်သစ်မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်း အလ်ဂျာဇီးရားသတင်းဌာနနဲ့ အင်တာဗျူးမှာတော့ မိမိ ပုဂ္ဂလိက သဘောထားအရ တမန်တော်မိုဟာမက် ရုပ်ပြောင်ရေးဆွဲမှုကို အားမပေးဘဲ၊ ဘာသာရေးခေါင်းဆောင် စော်ကားခံရမှုအတွက် မွတ်စလင်တွေ ဒေါသထွက်တာကို နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။
မာခရွန်ဟာ သူ့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး မွတ်စလင်ကမ္ဘာက ခေါင်းဆောင်တစ်ချို့ကို ဖုန်းနဲ့ ရှင်းပြခဲ့ပါတယ်။ မိမိတို့ဟာ အစွန်းရောက်အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်ဘာသာတရားကို ခွဲခြားမြင်ကြောင်း၊ နိုင်ငံအတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဖိနှိပ်မှာမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယူအေအီးနိုင်ငံခြားရေးဝန်ကြီးက မာခရွန်ရဲ့ ရပ်တည်ချက်ကို လက်ခံဖို့ မွတ်စလင်အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
Ref: The Gurdian
Comments