နိုဝင်ဘာ ၇၊ ၂၀၂၀
M-Media

-သမ္မတတွေ ရာထူးမရှိတော့တဲ့ချိန်မှာ နောက်ကြောင်းပြန်အရေးယူမှုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို ရုရှားလွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပါတယ်။
လက်ရှိဥပဒေအရ သမ္မတတွေဟာ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းအတွင်းမှာသာ အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ရတာပါ။ အခုဥပဒေသစ်ကြောင့် ရာထူးကနေ အနားယူပြီး အသက်သေဆုံးချိန်အထိ ရာဇဝတ်ကြောင်းအရ နောက်ကြောင်းပြန်အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အခြား ကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက် လွှတ်တော်နှစ်ရပ်ရဲ့ ထောက်ခံမှု ၃ ပုံ ၂ ပုံရမယ်ဆိုရင် ကင်းလွတ်ခွင့်ကို ပယ်ဖျက်နိုင်တယ်ဆိုတဲ့ အချက်လည်း ဥပဒေသစ်မှာ ပါဝင်ပါတယ်။
သမ္မတပူတင်ရဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပြီးခဲ့တဲ့နွေရာသီမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ရုရှားက အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးကြောင့် ပူတင်ဟာ ၂၀၃၆ အခုနှစ်အထိ သမ္မတာဝန် ထမ်းဆောင်ခွင့်ရသွားခဲ့ပါတယ်။
သမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးမယူရေး၊ အထက်လွှတ်တော်မှာ သမ္မတဟောင်းတွေအတွက် နေရာတစ်နေရာ ထားရှိရေး စတဲ့အချက်တွေလည်း ဒီပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ပါတယ်။
အခုတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က အတည်ပြုပြီးတဲ့နောက် သမ္မတက လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
လက်ရှိသမ္မတပူတင်ဟာ ၂၀၀၀ ခုနှစ်ကတည်းက ရုရှားနိုင်ငံကို အုပ်စိုးလာခဲ့တာဖြစ်ပါတယ်။
Ref: The Moscow Times
Comments