နိုဝင်ဘာ ၁၅၊ ၂၀၂၀
M-Media
-အခုအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကဘူးလ်တက္ကသိုလ် အကြမ်းဖက်တိုက်ခိုက်ခံရမှု စီစဉ်ခဲ့သူကို အာဖဂန်နစ္စတန်က ဖမ်းဆီးလိုက်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ကဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသားအများစုအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အာဖဂန်ဒုတိယသမ္မတ အမ်ရူလာ ဆာလေဟ်က ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ အစိုးရကို ဖိအားပေးဖို့၊ သိက္ခာချဖို့၊ ပြည်သူတွေက အစိုးရ အားနည်းတယ်လို့ ထင်လာစေဖို့ ပြုလုပ်တာဖြစ်ပြီး စီစဉ်သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့က သူ့ရဲ့ Facebook အကောင့်မှာ ရေးသားခဲ့ပါတယ်။
အဒီလ်လို့ခေါ်တဲ့ အဲဒီ စီစဉ်သူဟာ တာလီဘန်အဖွဲ့ကို သစ္စာခံတဲ့ ဟက်ကာနီကွန်ယက်က ဖြစ်ပါတယ်။ တိုက်ခိုက်မှုလုပ်ဖို့ ဟက်ကာနီကွန်ယက်က လက်နက်တွေ ပေးခဲ့တယ်လို့ အဒီလ်က စစ်ကြောမှုမှာ ဖြေကြားခဲ့ကြောင်း ဒုတိယသမ္မတက ထည့်သွင်းရေးသားခဲ့ပါတယ်။
ဟက်ကာနီကွန်ယက်ဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ အာဖဂန်အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုး မကြာခဏပြုလုပ်လေ့ရှိပြီး အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
ဒုတိယသမ္မတ ဆာလေနဲ့ အာဖဂန်တာဝန်ရှိသူတွေက တိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က လုပ်တာလို့ စွပ်စွဲခဲ့ပေမယ့် တာလီဘန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
Ref: Aljazeera
Comments