News @ M-Media

၉၅ ရာခိုင်နှုန်း ထိ​ရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေးနောက်တစ်မျိုး ထွက်ပေါ်

နိုဝင်ဘာ ၁၇၊ ၂၀၂၀
M-Media

-ဆေးစွမ်းထိရောက်မှု ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ Covid-19 ကာကွယ်ဆေး နောက်ထပ်တစ်မျိုး မနေ့က အမေရိကန်မှာ ပေါ်လာပါတယ်။

ဆေးဝါးကုမ္ပဏီ Moderna က ထုတ်လုပ်တဲ့ အဲဒီကာကွယ်ဆေးရဲ့ ထိရောက်မှုကို အမေရိကန်ရဲ့ ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးဆိုင်ရာ ညွှန်ချုပ် ဒေါက်တာ အန်ထော်နီ ဖောက်စီကိုယ်တိုင် အတည်ပြုခဲ့တာပါ။

“သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ရလဒ်တွေ ပေါ်လာပါတယ်။ ထုတ်သမျှထဲမှာ အကောင်းဆုံးဖြစ်ပြီး ၉၄.၅ ရာခိုင်နှုန်း ထိရောက်မှုရှိပါတယ်”

ကာကွယ်ဆေးကို လူ ၁၅၀၀၀ မှာ စမ်းသပ်ခဲ့ရာမှာ ၅ ဦးသာ ကိုဗစ်ကူးစက်တာကို တွေ့ရပြီး အဲဒီသူတွေမှာလည်း ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုးကို မတွေ့ရပါဘူး။ Moderna ကုမ္ပဏီက သူတို့ရဲ့ကာကွယ်ဆေးမှာ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုရလဒ်တွေကို တနင်္ဂနွေမှာ လွတ်လပ်တဲ့ ဆေးဝါးစောင့်ကြည့်အကဲဖြတ်ရေးအဖွဲ့ Data Safety and Monitoring Board က စစ်ဆေးခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ဘ၀၊ ကျွန်တော့်ရဲ့ လုပ်သက်မှာ အကြီးအကျယ်ဆုံး အဖြစ်အပျက်တွေထဲက တစ်ခုပါ။ ပြင်းထန်တဲ့ ကူးစက်ရောဂါမျိုးကို ဒီလောက် ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်မယ့် ကာကွယ်ဆေး ထုတ်လုပ်နိုင်တာဟာ သိပ်ကို အံ့ဩစရာကောင်းပါတယ်” လို့ Moderna ရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ တာလ်ဇက်က ပြောကြားခဲ့ပါတယ်။

ဆေးရလဒ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ စုဆောင်းပြီးတဲ့နောက် အခုလနှောင်းပိုင်းမှာ အမေရိကန်အစိုးရထံကနေ ထုတ်လုပ်ဖြန့်ဖြူးဖို့ ခွင့်ပြုချက်တောင်းသွားမယ်လို့ Moderna ကုမ္ပဏီက ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာ ဒုတိယပိုင်းလောက်မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်နေပြီး ကူးစက်မှုအန္တရာယ် အများဆုံးရှိနေတဲ့သူတွေကို ထိုးနှံပေးကာ လာမယ့်နှစ် မေလလောက်ဆိုရင် ပြည်သူတွေကို ထိုးနှံပေးနိုင်လိမ့်မယ်လို့ ဒေါက်တာ ဖောက်စီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ကန်ဆေးဝါးကုမ္ပဏီ Pfizer ဟာ ကာကွယ်ဆေးတစ်မျိုးကို ထုတ်ပြခဲ့ပြီး လက်ရှိ စမ်းသပ်မှုတွေအရ ၉၀ ရာခိုင်နှုန်း​ကျော် ထိရောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNN