နိုဝင်ဘာ ၂၀၊ ၂၀၂၀
M-Media
-အငြင်းပွားဒေသ Nagorno-Karabakh အတွက် အာမေးနီးယားနဲ့ ၆ ပတ်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ သိမ်းယူနိုင်ခဲ့တဲ့ ဒေသတွေကို အဇာဘိုင်ဂျန်က ဒီကနေ့မှာ စတင်ပြီး တရားဝင် လွှဲပြောင်း ရယူခဲ့ပါတယ်။
အာမေးနီးယားလူမျိုးတွေ အများစုနေထိုင်တဲ့ Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန်ပိုင်နက်ထဲမှာရှိပေမယ့် ခွဲထွက်ရေးလိုလားတဲ့ အာမေးနီးယားလူမျိုးတွေဟာ အာမေးနီးယားနိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ နှစ်ပေါင်း ၃၀ လောက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒီဒေသတွင် အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့အကြား စစ်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ရုရှားရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူညီချက် ရခဲ့ပါတယ်။
စာချုပ်အရ အဇာဘိုင်ဂျန်တပ်တွေ သိမ်းယူထားတဲ့ အငြင်းပွားဒေသရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို တရားဝင်လွှဲပြောင်းပေးဖို့ အာမေးနီးယားက သဘောတူခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပထမအသုတ်အဖြစ် အဂ်ဒမ်ခရိုင်ကို အဇာဘိုင်ဂျန်က တရားဝင် လွှဲပြောင်းရယူခဲ့ပြီး ၂၅ ရက်နေ့မှာ ကာလ်ဘာဂျာရ်ခရိုင်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ လာချင်ခရိုင်တို့ကို ရယူမှာဖြစ်ပါတယ်။ အဂ်ဒမ်ခရိုင်မှာ အရင်က အဇာဘိုင်ဂျန်လူမျိုး ၁ သိန်း ၃ သောင်းလောက် ရှိပေမယ့် ၁၉၉၃ ခုနှစ် အာမေးနီးယားတွေ Nagorno-Karabakh ဒေသကို ထိန်းချုပ်ပြီးနောက်ပိုင်း မောင်းထုတ်ခံခဲ့ရပါတယ်။
အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက သူတို့တပ်တွေ အဂ်ဒမ်ခရိုင်ထဲ ဝင်ရောက်တပ်စွဲခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နယ်မြေလွှဲပြောင်းရယူမှုကို ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရင်းကြောင့် နောက်ရွှေ့ပေးခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က ပြောကြားခဲ့ပါတယ်။
Ref : Aljazeera
Comments