နိုဝင်ဘာ ၂၆၊ ၂၀၂၀
M-Media
-အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို နောက်ထပ်တစ်ဆင့် မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။
မြေပြင်က မြေပြင်ပစ် အဲဒီဒုံးကျည်ကို နိုဝင်ဘာ ၂၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်း အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ကျွန်းမှာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးသတင်းဝက်ဆိုက် DefPost က ဖော်ပြပါတယ်။
BrahMos ဟာ ဝေဟင်အမြင့်ဆုံးကိုတက်ပြီး ပစ်မှတ်ထိပ်ကို ထိုးဆင်းပစ်ခတ်မှု (top-attack) နဲ့ ဝေဟင်အနိမ့်ပိုင်းကသွားကာ ပစ်မှတ်ကို တိုက်ရိုက်ပစ်ခတ်မှု ( direct attack) ပုံစံနှစ်ခုစလုံး အသုံးပြုလို့ရတယ်လို့ Indian Express က ဆိုပါတယ်။
ပြည်တွင်းဖြစ် တိုက်သင်္ဘောကနေ ပစ်နိုင်တဲ့ ရေတပ်သုံး BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ပြီးခဲ့တဲ့လမှာ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အိန္ဒိယဟာ မဟာဗျူဟာကျတဲ့ နောက်ထပ် ခရုဇ်ဒုံးကျည် ၃ မျိုးကို ထုတ်ပြဖို့ ရှိနေပါတယ်။
အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ဟာ အိန္ဒိယ-ရုရှား ပူးပေါင်းထုတ်လုပ်တဲ့ Ramjet ပါဝါတပ် ဒုံးကျည်ဖြစ်ပြီး ရုရှားရဲ့ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည် P-800 Oniks ကို ပုံစံယူတည်ဆောက်ထားတာ ဖြစ်ပါတယ်။
အသံထက် ၂.၈ ဆ မြန်မြန်သွားနိုင်ပြီး ရေငုပ်သင်္ဘော၊ တိုက်ရေယာဉ်၊ လေယာဉ်နဲ့ မြေပြင်ပစ်ဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ လက်ရှိမှာ အသံထက် ၅ ဆမြန်တဲ့ BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ထုတ်လုပ်နေပါတယ်။
Ref: Asia Times
Comments