နိုဝင်ဘာ ၃၀၊ ၂၀၂၀
M-Media
-ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ နိုင်ငံတွေနဲ့ ကာတာနိုင်ငံတို့အကြား ဖြစ်ပေါ်နေတဲ့ သံတမန်အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေး ဂျရဒ် ကက်ရှ်နာနဲ့အဖွဲ့ဟာ အခုတစ်ပတ်အတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ ရှိနေပါတယ်။
ကာတာဟာ ဒေသတွင်းက အကြမ်းဖက်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲကာ ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးတို့က သံတမန်နဲ့ ကူးလူးဆက်ဆံမှု အားလုံးကို ၂၀၁၇ ခုနှစ်မှာ ဖြတ်တောက်ခဲ့ပြီး အချက် ၁၃ ချက်ကို တောင်းဆိုခဲ့ပါတယ်။
ကာတာကတော့ စွပ်စွဲချက်တွေကို ပယ်ချသလို၊ တောင်းဆိုချက်တွေကိုလည်း လက်မခံပါဘူး။ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ တိုက်တွန်းမှုနဲ့ ဒီပြဿနာကို အဖြေရှာဖို့ ကြိုးစားနေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကာတာရော၊ ဆော်ဒီပါ ထုတ်ပြန်ခဲ့ပါတယ်။
အခု အိမ်ဖြူတော်အကြံပေးရဲ့ ခရီးစဉ်အတွင်း ဆော်ဒီက နီအွန်မြို့မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကာတာအုပ်ချုပ်သူ ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အခြားတာဝန်ရှိသူတွေလည်း ပါဝင်မှာပါ။
ကက်ရှ်နာဟာ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ အစ္စရေးတို့အကြား ပြီးခဲ့တဲ့လက ဆက်ဆံရေး တည်ဆောက်မှုမှာလည်း ကြားဝင်ဆွေးနွေးပေးခဲ့ပါတယ်။ အခု ဆွေးနွေးမှုမှာ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် ဆော်ဒီကို နားချဖို့လည်း ရှိနေပါတယ်။
Ref: Aljazeera
Comments