News @ M-Media

ဂြိုဟ်တုနှင့်ထိန်းသည့် စက်သေနတ်ဖြင့် ထိပ်တန်းနျူပညာရှင် လုပ်ကြံခံခဲ့ရဟု အီရန် ထုတ်ပြန်

ဒီဇင်ဘာ ၈၊ ၂၀၂၀
M-Media

FILE PHOTO: Mourners sit next to the coffin of Iranian nuclear scientist Mohsen Fakhrizadeh, during the burial ceremony at the shrine of Imamzadeh Saleh, in Tehran, Iran November 30, 2020. Hamed Malekpour/WANA (West Asia News Agency) via REUTERS/File Photo

-ထိပ်တန်း နျူလီးယား သိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒါဟ် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ‘ဂြိုဟ်တုနဲ့ထိန်းချုပ်တဲ့ စမတ် စက်သေနတ်ကို’ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နျူလက်နက်စီမံကိန်းရဲ့ အကြီးအကဲလို့ အစ္စရေးနဲ့ အနောက်နိုင်ငံတွေက ယူဆထားတဲ့ ဖက္ကရီဇာဒါဟာ နိုဝင်ဘာ ၂၇ ရက်နေ့က မြို့တော်တီဟီရန် ဆင်ခြေဖုံးမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါ။

သတ်ဖြတ်မှုကို အစ္စရေးကလုပ်ဆောင်တာလို့ အီရန်က စွပ်စွဲခဲ့ပြီး အစ္စရေးက အတည်ပြု၊ ငြင်းဆိုတာမျိုး မရှိပါဘူး။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ချို့က ဒါဟာ အစ္စရေးလက်ချက်ဖြစ်ကြောင်း အခင်းဖြစ်ပြီး နောက်တစ်ရက်မှာပဲ ပြည်တွင်းမီဒီယာတစ်ခုကို အတည်ပြု ပြောကြားခဲ့ပါတယ်။

​ကားဗုံးခွဲပြီး သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာလို့ အစောပိုင်းမှာ သတင်းထွက်ခဲ့ပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး အလီ ဖာဒါဗီက ဒီလုပ်ကြံမှုမှာ ဂြိုဟ်တုကထိန်းချုပ်တဲ့ လက်နက်စနစ်ကို အသုံးပြုသွားတာလို့ အီရန်သတင်းဌာန Tasnim ကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

“မြေပြင်မှာ အကြမ်းဖက်သမားတွေ မရှိခဲ့ပါဘူး။ အာဇာနည် ဖက္ကရီဇာဒါဟာ ကားမောင်းသွားနေတဲ့အချိန် အဆင့်မြင့် ကင်မရာက သူရဲ့ မျက်နှာကို Zoom ဆွဲကြည့်ပြီး၊ ပစ်ကပ်ကားပေါ်က ဂြိုဟ်တုနဲ့ထိန်းချုပ်တဲ့ စက်သေနတ်ကနေ ပစ်ခဲ့တာပါ”

ဒီဖြစ်စဉ်မှာ ဉာဏ်ရည်တုနည်းပညာ (AI)၊ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ ဖော်ထုတ်တဲ့စနစ် (Face recognition) တို့ကို အသုံးပြုခဲ့တယ်လို့လည်း ဖာဒါဗီက ပြောကြားခဲ့ပါတယ်။ ဖက္ကရီဇာဒါဟာ ကျည်ဆံ ၁၃ ချက် ထိမှန်ခဲ့ပြီး သူဘေးမှာ ထိုင်နေတဲ့ ဇနီးဖြစ်သူ ဒဏ်ရာလုံး၀ မရခဲ့တာကိုထောက်ပြကာ ဂြိုဟ်တုကနေ ထိန်းချုပ်တဲ့ လက်နက်စနစ်ဟာ အလွန်တိကျတယ်လို့ သူက ဆိုပါတယ်။

Ref: Aljazeera