ဒီဇင်ဘာ ၁၄၊ ၂၀၂၀
M-Media
-မဲခေါင်မြစ််ညာမှာ တည်ဆောက်ထားတဲ့ တရုတ်ဆည်တွေက ရေသိုလှောင်ထားမှု အခြေအနေကို ဂြိုဟ်တုကနေ စောင့်ကြည့် ထုတ်ပြန်မယ့် စီမံကိန်းတစ်ခုကို ဒီကနေ့မှာ စတင်ဆောင်ရွက်လိုက်ပါတယ်။
Mekong Dam Monitor လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းကို အမေရိကန်အစိုးရက ငွေကြေး တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးတာပါ။ စီမံကိန်းက ရရှိမယ့် အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်သွားမှာဖြစ်ပြီး ဘယ်သူမဆို https://www.stimson.org/project/mekong-dam-monitor ဝက်ဆိုက်မှာ
ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
မိုင်ပေါင်း ၂၇၀၀ လောက် ရှည်လျားတဲ့ မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကိုဖြတ်ကာ တောင်တရုတ်ပင်လယ်ထဲကို စီးဝင်တာပါ။
တရုတ်ဟာ မဲခေါင်မြစ်ပေါ်မှာ ဆည်အများအပြားဆောက်လုပ်ထားပြီး ဒီဆည်တွေကြောင့် မြစ်အောက်ပိုင်းနိုင်ငံတွေကို စီးဆင်းနေတဲ့ ရေစီးကြောင်းကို ထိခိုက်စေကာ၊ ဒီမြစ်ကို အမှီပြုနေရပ်တည်နေကြတဲ့ လူသန်း ၆၀ လောက်ကို ဒုက္ခရောက်စေလိမ့်မယ်လို့ အမေရိကန်သုတေသနအဖွဲ့တွေက ပြောဆိုထားပါတယ်။ တရုတ်ကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုပါတယ်။
မဲခေါင်မြစ်တစ်လျှောက်ဒေသတွေမှာ ပုံမှန်ထက် ပိုမိုခြောက်သွေ့လာတာ၊ ပုံမှန်ထက် ပိုမိုစိုစွတ်လာတာ၊ ဆည်တွေကြောင့် ရေစီးကြောင်း ထိခိုက်မှု ရှိ၊ မရှိ စတဲ့အချက်အလက်တွေကိုလည်း Mekong Dam Monitor စီမံကိန်းကနေ စောင့်ကြည့် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ဝါရှင်တန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Stimson Center ရဲ့ တာဝန်ရှိသူ ဘရိုင်ယန် အိုင်လာက တရုတ်ဟာ မဲခေါင်မြစ်ပေါ်က ဆည် ၁၁ ခုကနေ လျှပ်စစ် ရနိုင်သမျှရအောင် ထုတ်လုပ်နေပြီး မြစ်အောက်ပိုင်းကနိုင်ငံတွေ ထိခိုက်နိုင်မှုကို လုံး၀ ထည့်မတွက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆည်အများကြီး ဆောက်ထားတာကြောင့် တရုတ်ဟာ မဲခေါင်မြစ်ရေစီးကြောင်းကို လိုအပ်သလို ထိန်းချုပ်နိုင်တဲ့အတွက် မြစ်အောက်ပိုင်းက နိုင်ငံတွေအပေါ် အကြပ်ကိုင်ဖို့ ဆည်တွေကို လက်နက်သဖွယ် သုံးလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Ref: The Star
Comments