ဒီဇင်ဘာ ၁၆၊ ၂၀၂၀
M-Media
-တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်တွေက ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ဒီကနေ့ ကူးစက်မှုအရေအတွက်ဟာ ၁၀၇၈ ဦးရှိခဲ့ပြီး ကိုဗစ်စတင်ပြန်နှံ့ပြီးတဲ့နောက်ပိုင်း တစ်နေ့တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသူက ၁၂ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၆၁၂ ဦး ရှိလာတာပါ။
တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်ကူးစက်သူအရေအတွက်က ၄၅၄၄၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ အခု ကူးစက်မှုအသစ်တွေကို မြို့တော်ဆိုးလ်၊ အနီးအနားက ဂျုံဂျီပြည်နယ်နဲ့ အင်ချန်မြို့တွေမှာ အများဆုံး တွေ့ရတာပါ။
ကိုဗစ်ကပ်ရောဂါ အစောပိုင်းမှာ တောင်ကိုရီးယားဟာ ထိန်းချုပ်မှု အကောင်းဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် အရေးပေါ် ဆေးရုံတွေ ပြင်ဆင်တာ၊ ကိုဗစ်သီးသန့် စမ်းသပ်ကုသတဲ့ ဒေသန္တရဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်တာ၊ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်တာတွေကို အာဏာပိုင်တွေက လုပ်နေပါတယ်။
အခုကိုဗစ်လှိုင်းမှာ တစ်နေ့ကို ကူးစက်သူ ၁၂၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
Ref: Aljazeera
Comments