ဇန်နဝါရီ ၉၊ ၂၀၂၁
M-Media
-ပါရှန်ပယ်လယ်ကွေ့မှာ တည်ဆောက်ထားတဲ့ ဧရာမ မြေအောက်ဒုံးကျည်စခန်းကို အီရန်က မနေ့မှာ ထုတ်ပြလိုက်ပြီး အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ဒီဆောင်ရွက်မှု ပေါ်ပေါက်လာတာပါ။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ထိပ်တန်း တပ်မှူးတွေ ဒုံးကျည်စခန်း စစ်ဆေးနေတာကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ဝင်ပေါက် ကြမ်းပြင်မှာ အစ္စရေးနဲ့ အမေရိကန်အလံကို ဆေးခြယ်ထားပြီး တပ်မှူးတွေက ဒီအလံပေါ်ကို ဖြတ်လျှောက်သွားကြတာပါ။
အဆုံးမရှိတဲ့ လှိုဏ်ခေါင်းကြီးမှာ ဒုံးကျည်အမျိုးစားများစွားနဲ့ ဒုံးပစ်လောင်ချာ အများအပြား ရှိနေတာကိုလည်း ဒီဗီဒီယိုမှာ တွေ့ရပါတယ်။
IRGC အကြီးအကဲ ဟိုစိန် ဆာလာမီက မိမိတို့ရေတပ်မှာ ဒီလို မြေအောက်ဒုံးကျည်စခန်းတွေအများအပြား ရှိနေတယ်လို့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
“ဒီကနေ့ IRGC ရေတပ်က ဒုံးကျည်တွေဟာ ကီလိုမီတာရာချီ သွားနိုင်ပြီး ပိုမိုတိကျလာသလို ဖျက်ဆီးနိုင်စွမ်းလည်း မြင့်လာပါပြီ”
ဒီဒုံးကျည်စခန်းရဲ့ တည်နေရာအတိအကျကိုတော့ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။
IRGC အကြီးအကဲ ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှု တစ်နှစ်ပြည့်သွားတဲ့အချိန်မှာ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုက ပိုမိုမြင့်တက်လာပါတယ်။
နှစ်ပတ်လည်မှာ အီရန်က လက်တုန့်ပြန်တိုက်ခိုက်မှာကို အမေရိကန်က စိုးရိမ်တဲ့အတွက် အရှေ့အလယ်ပိုင်းက အမေရိကန်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော စခန်းပြန်လည်ခေါ်ယူမှုကို အမေရိကန်က ရပ်ဆိုင်းထားပါတယ်။
အီရန်တာဝန်ရှိသူတွေက ဗိုလ်ချုပ် ဆိုလိုင်မာနီကို လုပ်ကြံတဲ့သူတွေကို လက်စားချေမှာဖြစ်ပေမယ့် သင့်လျော်တဲ့အချိန်ရောက်မှ လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။
အီရန်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်တွေနဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
Ref: Aljazeera
Comments