ဇန်နဝါရီ ၁၆၊ ၂၀၂၁
M-Media
-ပြည်တွင်းဖြစ် နောက်ဆုံးပေါ် ဒုံးကျည်တွေ၊ တိုက်ပွဲဝင်ဒရုန်းတွေ စမ်းသပ်မယ့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန်က နိုင်ငံအလယ်ပိုင်းမှာ စတင်ပြုလုပ်နေပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို Great Prophet 15 လို့ အမည်ပေးထားပါတယ်။ လေ့ကျင့်မှု ပထမအဆင့်မှာပဲ မြေပြင်ကမြေပြင်ပစ် မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ ဗုံးကြဲဒရုန်းတွေကို စမ်းသပ် အသုံးပြုခဲ့ပြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ဒုံးကျည်ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက မိမိတို့ရဲ့ အရေးပါတဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အီရန်က ခိုင်မာတဲ့သန္နိဌာန် ချထားတယ်ဆိုတာကို ဒုံးကျည်သစ်နဲ့ ဒရုန်းအသစ်တွေက ပြသနေတာလို့ ပြောကြားခဲ့ပါတယ်။
အခု စစ်ရေးလေ့ကျင့်မှုမှာ Zulfaqar၊ Zelzal နဲ့ Dezful စတဲ့ ပြည်တွင်းဖြစ်ဒုံးကျည်တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီဒုံးကျည်တွေဟာ ပဲ့ထိန်း ဒုံးထိပ်ဖူးတွေ တပ်ဆင်လို့ရပြီး ရန်သူတွေရဲ့ ဒုံးခွင်းစနစ်ကို ထိုးဖောက်ဝင်ရောက် နှောက်ယှက်နိုင်တယ်လို့ ဆိုပါတယ်။
အီရန်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နိုင်ငံတောင်ပိုင်းက မဟာဗျူဟာကျတဲ့ အိုမန်ပင်လယ်နဲ့ ပါရှန်ပင်လယ်ကွေ့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။
Ref: Press TV
Comments